မြနန္ဒာရေညိုသန်းတယ်…

ဆူးငှက်

““နန္ဒာရဝန်းရံခ၊
ပတ်လည်မှာ . . . ရွှေမန်းတောင်တော်သာ
အို . . . ဆန်းပါလှ၊
မြို့နန်းဝတိံသာ””တဲ့။
မဟာဂီတလာ “မန်းတောင်လကျ်ာ” ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏။
““နန္ဒရေဝန်းရံခ”” တဲ့။
ဟုတ်သည်။ ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက
တောင်သမန် အင်းကြီးရှိသည်။ အနောက်ဘက်မှာ တက်သေးအင်း။ အခုတော့ မန္တလေးကန်တော်ကြီးဟု သုံးစွဲခေါ်ဝေါ်နေသည်။ အရှေ့တောင်မှာက ဇောင်းကလောကန်ကြီးရှိသည်။ အရှေ့ဘက်တစ်ကြောကြီးက
မင်းရှင်စော၏ အောင်ပင်လယ်ကန်တော်။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်းမှသည် ဟိုးမြောက် မန္တလေးတောင် အရှေ့ဘက်အထိ ရှိမှာပေါ့။ မြောက်ဘက်မှာက နန္ဒာကန်ရှိပါသည်။

အောင်ပင်လယ်ကန်၏ မူလအမည်မှာ ‘ကန်တိလိကန်’ဖြစ်သည်။ သက္ကရာဇ် ၅၁၃ခုနှစ်တွင် မင်းရှင်စောက ဆည်တော်မူသည်။ တနင်္ဂနွေသား မင်းရှင်စောက တနင်္ဂနွေနေ့မှာပင် ကန်တော်ဆည်ယူဖို့ဆောင်ပြီးစီးသဖြင့် အောင်ပင်လယ်ကန်ဟု အမည်သမုတ်ခဲ့သည်။ အောင်ပင်လယ်ကန်သည် အလျားတာသုံးထောင်၊
လယ်ပယ် သုံးသောင်းကို သုံးသီးစား စိုက်ပျိုးနိုင်သည်ဟု ဆို၏။

မင်းရှင်စော ဆည်တော်မူခဲ့သော အောင်ပင်လယ်ကန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က သက္ကရာဇ် ၁၁၅၁ခု၊ နယုန်လပြည့်၊ တနင်္လာနေ့တွင် နောက်ပါဗိုလ်ခြေထုနှင့် မဟာမုနိဘုရားအနီး ယာယီတဲနန်း၌ စံမြန်းတော်မူပြီး ထပ်မံဆည်ဖို့ပြုပြင်တော်မူပြန်သည်။ မင်း၊ မိဖုရား၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ ကတော်စိုးတို့နှင့်တကွ အမရပူရရွှေမြို့တော်မှ တစ်အိမ်တစ်ယောက်မကပြည်သူများနှင့်လည်း လယ်ထွန်မင်္ဂလာဆင်း၍ ကန်တော်နှင့် ပတ်သက်သမျှ ကျောက်စာရေးထိုးစိုက်ထူတော်မူခဲ့၏။

‘ပြည်သူပြည်သားတို့ စီးပွားချမ်းသာဖစ်စေလိုရုယ်စ်သစ်အခါမှ ရက်သုံးဆယ်ရာသီမေဓုန် နယုန်လပြည့် တနင်လာနေ့ မင်းတို့ဓမ္မတာ လယ်ထွန်မင်္ဂလာထွက်စံတော်မူရုယ် မင်းမိဖုရား၊ မင်ညီမင်းသား၊ မှူးတော်၊
မတ်တော် ကတော်စိုးမင်းတို့နှင့်တကွ၊ နေပြည်တော်နေ တစ်အိမ်တစ်ယောံနောံတော်ပါ အသိန်မကသောဗိုအထုနှင့် … ‘ (အောင်ပင်လယ် ဘိုးတော်ဘုရားကျောက်စာ – မူရင်းသတ်ပုံ)

××××× ×××××

မင်းတုန်းမင်းသည် မန္တလေး မြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင်ညနန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကိုနောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ (၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစသည်။

ညနေစောင်းလျှင်ဖြင့် ဧရာဝတီမြစ်နှင့် အောင်ပင်လယ်ကန် တစ်ခိုကူးချည်သန်းချည် အပြန်အလှန် အိပ်တန်းဝင်မည့် ငှက်ကျေးသာရကာတို့က သံစုံကျူးရင့်ကာ ပျံဝဲနေကြပုံများကလည်း လွမ်းဆွတ်အံ့ဖွယ်ရာတဲ့လေ … ။

ထိုစဉ် ထိုကာလ အောင်ပင်လယ်ကန်သည် ပုခန်းမင်းသားကြီး၏ အောင်မြေသာစံ အစချီတာင်လား ပတ်ပျိုးကြီးထဲက‘ရွှေသွေးမျက်ခြည်၊လပြည်ယူသိမ်း၊မစိမ်းရောင်ညို့ညို့၊ မှိုင်းမို့မို့ရတဲ့ရေကန်သာ၊ ပဒုံရွှေကြာ အငုံဝေဆာ၊ ရဂုံတွေမှာ၊ ညိုးညိုးညင်းညင်း၊ ကြိုင်မွှေးမာလာပန်းစုံကသင်း… ‘ ဟူသောစာသားလို လှပတင့်တယ် ပလိမ့်မည်။

ထို့ပြင်အာင်ပင်လယ်ကန်ကြီးတွင် ကျေးငှက်သာရကာတို့ ကျက်စားပျာ်မြူးပုံများကလည်း မြဝတီမင်းကြီး၏ ‘လောင်းပန်းဂမုန်းအင်လေတည့်မှ’အစချီတောဘွဲ့ ပတ်ပျိုးကြီးထဲက‘မြရည်လေရေခင်း၊ရွှခပင်းငယ်မှာ ရွှေဟင်္သာကြွေးလှာရင့်ရင့်နှော၊ အလို ရွှေဟင်္သာ ..ဝေးကွာတင့်တင့်စော..၊ ဥသြရွှေသာကာလေတည့်မှ တံကြောစုံမြိုင်ချာခေါက်ရှာငယ်ခေါ် ကျူးခြင်း၊ကာသာပျော်မြူးရင်း …’ ဟူသောစာသားကဲ့သို့လည်း ဖြစပေလိမ့်မည်။

ထိုရောအခါက ကောင်းကင်မှ နတ်ကြည့် ကြည့်လျှင် မန္တလေးသည် လေးဘက်လေးတန် ရေဝိုင်းရံခနေပေ လိမ့်မည်။

××××× ×××××

မူလတောတောင်သဘာ၀ သန့်ရှင်းအေးမြသော စိမ့်ရေစမ်းရေချောင်းကန် မြရေကိုရှေးစာဆိုတို့က “မြ”အရောင်နှင့် ခိုင်းနှိုင်းဖွဲ့ဆိုကြသည်။ သဘာဝတွင်းထွက်ရတနာ“မြ” က စိမ်းလဲ့သည်။အေမြသည်။မြဝတီမင်းကြီးဦးစ၏ သာဆန်းရဂုံဘွေ ပတ်ပျိုးတွင် “မြနဒီရေသီတာက စိမ်းတယ်ကို..” ဟုဖွဲ့ခဲ့သည်။ ထို့အတူတောဘွဲ့ပတ်ပျိုးတွင်လည်း “မြသားရေကန်မှာ ရေနဒီကစိမ်းတယ်ကို..” ဟုလည်းဖွဲ့ခဲ့၏။ ထို့ကြောင့် ရှေးအတိတ်တဘောင်အဖြစ် ယူဆခဲ့ကြသော “အသက်ကယ်တဲ့ ရှည်စေလို မြနန္ဒာရေညိုသန်းတဲ့ မန်းတောင်ရီပ်ခို” စပ်ဆိုခဲ့ကြရာတွင် မန္တလေးတောင်တော်မြောက်ဖက်ခြေရင်းရှိ နန္ဒာကန်၏ အေမြသန့်ရှင်းမှုကို “မြ”နှင့်
ခိုင်းနှိုင်းဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။

မဟာနန္ဒာကန်တော် ဟုအမည်သမုတ်ခဲ့သော ကန်တော်သည် ပုဂံခေတ် အလောင်းစည်သူမင်းကြီး
လက်ထက် ကတည်းက ဆည်ဖို့ခဲ့သော ကန်ဖြစ်သည်။ အမည်ရင်းမှာ မောင်းမကန်ဖြစ်ပြီး သက္ကရာဇ် ၁၁၅၀ပြည့်နှစ် တပေါင်းလတွင် အမရပူရမြို့တည် ဘိုးတော်ဘုရားက ထပ်မံပြင်ဆင် ကန်ဆယ်ခဲ့သည်။
အလျားတာပေါင်း၂၀၀၀ရှိပြီး လယ်ပယ်၂၀၀၀၀ကိုရပေးသွင်းနိုင်ခဲ့၏။ ဘိုးတော်၏ အောင်ပင်လယ်ကျောက်စာ၌ “ အမရပူရရွှေမြို့တော်တည်၊ ဆင်ဖြူများသိခင်၊ ဘဝရှင်မင်းတြားကြီးသည်၊ နန္ဒဝန်ဥယျာဉ်တော်၏ အရှေ့ဘက်ပါ၊ မျက်နှာစာက နန္ဒာသမိုက်၊ ခံတန်ထိုက်ရုယ်၊ နန္ဒာမည်သော ကန်တော်ကြီးကို ဆည်တော်မူပြီး” (မူရင်းသတ်ပုံ) ဟုရေးထိုးခဲ့သည်။

မန္တလေးရတနာပုံနေပြည်တော် တည်ထောင်စဉ် သက္ကရာဇ် ၁၂၁၈ခုနှစ်၊ တပို့တွဲလဆန်း၉ရက်နေ့တွင်လည်း မင်းတုန်းမင်းကြီးကိုယ်တော်တိုင် ကန်ကောက်စံနန်းတော်သို့ ထွက်တော်မူပြီး အောင်ပင်လယ်ကန်တော်ကို သေနတ်ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှကျော်သူနှင့် မှူးမတ်အရာရှိများ သာမက နန္ဒာကန်တော်ကိုလည်း အိမ်ရှေ့မင်းနှင့် မှူးတော်မတ်တော်တို့ကို တာဝန်ပေးကာ ကြီးကြပ် ဆည်ဖို့ လုပ်ဆောင်စေသည်။ ထို့ကြောင့် ပုဂံခေတ်အစ အမရပူရခေတ်အလယ် ရတနာပုံခေတ်အဆုံး နန္ဒာကန်တော်၏အလှကို စာဖွဲ့မဆုံး ရှိရုံသာမက “အသက်ကယ်တဲ့ရှည်စေလို မြနန္ဒာရေညိုသန်းတဲ့ မန်းတောင်ရီပ်ခို”ဟူ၍ နန္ဒာကန်တော်သည် မန္တလေး၏ အမှတ်အသားသဖွယ် တည်ရှိခဲ့၏။

ဤတွင်နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကတည်းက ထင်ရှားခဲ့သည့် နန်းတော်ရှေဆရာတင် ရေးစပ်ခဲ့ပြီး အငြိမ့်မင်းသမီး စိန်ပါတီသီဆိုခဲ့သည့် “မြနန္ဒာ”
သီချင်းနှင့် ၁၉၄၇ခုနှစ်တွင် မြို့မငြိမ်း စပ်ဆိုခဲ့သည့် “ရွှေမန်းတောင်ရိပ်ခို” သီချင်းတို့တွင် မြနန္ဒာရေညိုသန်းတယ် ဟူသော စာသားအမှန်ကို ရေသာမညို၊ နေသာညိုရမည်ဟု အသုံးသပ်လွဲကာ ငြင်းခုန်ကြသေး၏။

တကယ်တော့ ရှေးစာမကျေသူတို့၏ အသုံးအသပ်အလွှဲများပဲ ဖြစ်သည်။ ရှေးစာများ၌ သဘာဝအတိုင်း သစ်ရိပ်ဝါးရိပ်များအကြား သန့်ရှင်းစွာတည်ရှိသော
စိမ့်စမ်းချောင်းကန် မြစ်ပြင်ရှိ ရေကောင်းများကိုဖွဲ့ဆိုရာတွင် မြအဆင်းနှင့် နိုင်းခိုင်းသလို ထိုရေပြင်၏ ကျယ်ပြန့် နက်ရှိုင်းမှုကိုလည်း ညိုခြင်းညို့ခြင်းဖြင့် ဖွဲ့နွဲ့သည်။

မြဝတီမင်းကြီးဦးစ၏ ဇေယျာရွှေမြေသီချင်းခံတွင် “နယ်နန္ဒာ ကန်သာရေလျှံ ဝန်းကြည်စိမ်းလဲ့ ဖလ်ရှိန်ညို့” ဟုစပ်ဆိုခဲ့သည်။ ထို့အတူမင်ကွန်းမင်းသား၏ ရွှေဘိုမြို့ဘွဲ့ ပတ်ပျိုးတွင်လည်း“ နန္ဒာရေညိုဝန်း
ဖာရောင်ရွှန်းဟုပါရှိသည်။ ပုခန်းမင်းသားကြီး၏ တောင်လားပတ်ပျိုးတွင် “ရွှေသွေးမျက်ခြည် လေပြည်ယူသိမ်း မြစိမ်းရောင်ညို့ညို့ မှိုင်းမို့မို့ရတဲ့ရေကန်သာ” ဟုရေးဖွဲ့သည်။

မြဝတီမင်းကြီးဦးစ၏ အထူးထူးငယ်နှင့်တောလားပတ်ပျိုးတွင် “စိမ်းညိုငယ် လဲ့သွေးရေ ရေလိုအေး”
ဟုဆို၏။ နန်းသီဟိုမှော်ပြန်ယိုးဒယားတွင် “ရေညိုဝန်းခွကာရံ” ဟုရေးဖွဲ့သည်။ စလေဦးပုညကလည်း မန္တလေးမြို့ဘွဲ့ ၈၀ပေါ်တေးထပ်တွင် “မြမြင့်မိုထက် ရေညိုခွေချပ် ဂဟေထပ်သား” ဟုရေးဖွဲ့သည်။
ထို့ကြောင့် “မြနန္ဒာရေညိုသန်း”ခြင်းသာဖြစ်ပါ၏။မြနန္ဒာကားနမညိုပါချေ။

ရှေးစာကျေသော ပီဘိ မန္တလေးသားကြီး နန်းတော်ရှေ့ဆရာတင်က သူ၏ “မြနန္ဒာ” သီချင်းတွင် ရေညိုသောရွှေမြနန္ဒာ ကို “ရေညိုသည့် စကားလုံး အကြိမ်ကြိမ် ထပ်သုံးကာ” လှလှပပ ခံ့ခံ့ညားညား စပ်ဆိုခဲ့ပါ၏။

မြနန္ဒာ – (နန်းတော်ရှေ့ဆရာတင်)
– ရက်ရွေးမနေပါနဲ့ ကိုကိုရယ် … အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာ …မြနန္ဒာ …ရေညိုသန်းတယ် … မန်း .တောင်ရိပ်ခို ..တွေးကြပါ ရှေးကစာ ဒီအတိုင်းဆို အသက်ကလေးရယ်ရှည်စေလို …. မြနန္ဒာ ရေညိုသန်းတယ် … မန်း .. တောင်ရိပ်၊ မန်း … တောင်ရိပ်ခို ….။
– (ပေါ်ပေါ် ထင်ထင်နဲ့ တန်ခိုးကြီးသည့် မန္တလာအဝေးပြည် ဗဟို၊ပျော်ပျော်ရွှင်ရွှင်နဲ့ အမျိုးသမီးများ ထံတျာတေးကိုဆို)၂ ဆိုကြပါသကို ကိုကိုက လာမကြို၊ သည်မိုးသည်မိုးဒေဝါ၊ မိုးသည့် မိုးဒေ.. ဝါဝါ စိုစို ..ပြာပြာညိုညို ..ငွေလစန္ဒာ လျှမ်းသလို ရွှေမြနန္ဒာ သန်းတယ် .. မန္တလေးကဆိုသော တေးသံချို- ရွှေနန္ဒာမြရည်ကညိုညို သုံးလေပါတော့ မယ်မဒီပျို မန္တလေးမြို့တောင်ရိပ်ခိုမယ် ကိုကိုရယ်၊ စိန်ပါတီလာရင်
မောင်တို့ကြိုစိတ်ရွှင်လန်း … ရောင်ရွှင်စိုစို ၊ ဘေးမသန်းဘဲ အေးအေးချမ်းချမ်းတေးအဆန်းကိုဆို၊
– (တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာမှုန်ဝေဝေ ရေဇလာနဒီမြစ်ညို)၂
ဧရာဝတီကအလျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီးအမြဲခို၊ ဆရာကိုနန်းတော်ရှေ့တစ်ခါ ရှေ့ခေါင်းဆောင်ပဲဗမာ ရွှေဒေါင်းတောင်တွေ ကိုင်ကာဆို၊ တကယ်ခေတ်ပြောင်းတော့မယ်၊ အမှန်ဧဝကံမ၊ တဖန် ရွှေမြနန္ဒာ သန်းသော မန်းရိပ်ခို၊
– စည်မျက်နှာ ကဲ့သို့ ညီညာပါပေသကို၊ ဪ … မြို့တော်ကြီးရဲ့ လေးမျက်နှာမှာဖြင့် တိမ်ပန်းတိမ်ညို
သာယာရွှေပြည်ဗဟို၊ ဗာရာဏသီပြည်လို၊မန်းကြမြေကို ဆန်းရရွှေဗဟို၊ နန္ဒာရညို သန်း .. မန်းရိပ်ခို ..။
– တို့မန်းလေး မြို့ကြီးရဲ့ ပတ်လည်တခို မှိုင်းပြာပြာမှုန်ဝေဝေရေဇလာနဒီမြစ်ညို ဧရာဝတီကအလျှံဝင်းပြောင်ညီးတဲ့ ရန်ကင်းတောင်ကြီးအမြဲခို၊ ဆရာကိုနန်းတော်ရှေ့၊ တစ်ခါ ရှေ့ခေါင်းဆောင်ပဲ၊ ဗမာရွှေဒေါင်းတောင်တွေ၊ ကိုင်ကာဆို၊ တကယ်ခေတ်ပြောင်းတော့မယ်အမှန် ဧဝကံမ၊ တဖန် ရွှေမြနန္ဒာ သန်းသော မန်းရိပ်ခို။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW