ကျုံးထောင့်

ဆူးငှက်

ကျွန်တော်တို့ လူပျိုပေါက်အရွယ်က မန္တလေး၏ ဉာည့်ဦးယံအပန်းဖြေနေရာမှာ ဈေးချိုတော် ညဈေးတန်းဖြစ်သည်။ ညဈေးတန်းကို လမ်းလျှောက် ဟိုငေးသည်ငေးပြီးနောက် “ ကျုံးထောင့် သွားမယ်”ဟုဆိုကာ နာရီစင်မှ အရှေ့ အာဇာနည်လမ်း(ယခု ၂၆ဘီလမ်း) အတိုင်းအရှေ့သို့ တက်သည်။ ရိုးလ်ကုမ္ပဏီ အတက်ဟုခေါ်သည့် ယခုဘဏ် ၁ ကိုကျော်ပြီး လမ်း၈၀အထိ သွားသည်။ ထို့နောက် လမ်း၈၀နှင့် အာဇာနည်လမ်းနေရာရောက်တော့ ကျုံးအတွင်းရေခပ်ဆင်းရန် ထိုးထားသည့် သစ်သားတံတားလေးပေါ်ထိုင်ရင်း လေးညှင်းခံကာ ရောက်တတ်ရာရာ စကားများပြောကြသည်။
ထိုနေရာကို ကျုံးထောင့်ဟုခေါ်သည်။

ထို့ကြောင့် အရင်က ညဦးပိုင်း အညောင်းပြေအညာပြေ လမ်းလျှောက်ကြရာတွင် ကျုံးထောင့်၌ ခရီးဆုံးသည်။ ကျုံးထောင့်ဟူသည် အနောက်တောင် ကျုံးထောင့် ကိုခေါ်ပါသည်။ လမ်း၈ဝနှင့် ဘီလမ်းထောင့်ပေါ့ …။ ထိုအချိန်က ကျုံးပတ်လည်မှာ အခုလိုသံဆန်ခါတွေ မရှိသေးလို့ လမ်းပေါ်ကနေ ကျုံးရေစပ်ကို လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ကျုံးကမ်းစပ်မှာ မြက်ခင်းလေးရှိသည်။ ရေစပ်စပ်မှာ မှိုနတိုပင်လေးတွေ ရှိသည်။ ပြီးတော့ ကြာရိုး၊ ကြာစွယ်၊ ကြာဖတ်၊ ကြာနီ၊ ကြာဖြူ …။ ရေစပ်က ပုစဉ်းရင်ကွဲလေးတွေ တီတီတာတာမည်သည်။ ပိုးပရစ်တို့ ကျစ် ကျစ် ကျစ်ကျစ် အသံပြု၏။ ငါးကလေးတွေ ပွက်ထလို့ ကျုံးရေပြင်မှာဂယက် ထနေသည်။ ကျုံးရေစပ်မှာလည်း အလွယ်တကူ
ရေခပ်နိုင်သော သစ်သားတံတားလေးတွေ ရှိပါသည်။
လမ်းလျှောက်ထွက်လာကြသည့် မန္တလေးသားတွေ
ကျုံးရေစပ်မြက်ခင်းပြင်မှာ၊ သစ်သားတံတားလေးတွေ အပေါ်မှာ ခိုနားကြပါသည်။ ကျုံးပြင်ကို
ဖြတ်သန်းလာသည့် လေပြည်ညှင်းက ချွေးသိပ်စေသည်။ လရိပ်ကတော့ ကျုံးထဲမှာပေါလော။
တချို့ညတွေမှာတော့ ခပ်ဝေးဝေးကပြာသာဒ်စွန်းမှာ လရိပ်က ချိတ်ဆွဲ …။ ခပ်လှမ်းလှမ်းကုန်ရုံဘူတာဆီမှ
မီးရထားတွဲ ရှန်တိန်လုပ်သံတဂျိမ်းဂျိမ်း ကြားနေရသည်။ လမ်း၈ဝပေါ်မှာ မြင်းလှည်းတစ်စီးတလေ၏
မြင်းခွာသံတခွပ်ခွပ်ကတော့ အဆက်မပြတ် …၊ ကတ္တရာလမ်းမနှင့် မြင်းသံခွာပွတ်တိုက်ကာမီးပွင့်တို့
လက်ခနဲလက်ခနဲ …။

ကျုံးထောင့်နှင့် မျက်နှာချင်းဆိုင် (လမ်း၈ဝနှင့်ဘီလမ်း အနောက်ဘက်ထောင့်)မှာ အရင်က တရုတ်အပေါင်ဆိုင် ရှိသတဲ့။ ထို့နောက် ထိုနေရာသည် ရတနာပုံပရိဘောဂဆိုင်ဖြစ်ကာ မန္တလေး၏ အမှတ်အသားတစ်ခုပမာ ထင်ရှားခဲ့သည်။ အခုတော့ ဧရာဝတီဘဏ် အဆောက်အဦးဖြစ်သွာပြီ။ ၎င်းနှင့် မျက်နှာချင်းဆိုင်မှာ
ကျွန်တော်တို့ မှတ်မိသည့်အချိန်က ;;မြမာလာရန်ကုန်နို့အေးဘား;; ရှိ၏။ ထိုစဉ်က;;နို့အေးဘား;;ဟူသော ဝေါဟာရကို ဘာမှန်းမသိ၊ အဖြေရှာကြည့်နေမိ ပါသည်။နောက်တော့မှ ပုလင်းထဲမှာထည့်ကာ အအေးစိမ်ထားမှန်း သိရ၏။ဪ … ချိုပေသားပဲကိုး …။ သို့သော် ;;နို့အေးဘား;;မှာ့အေးသောက်ခြင်း ဟူသောအဆင့်က လူချမ်းသာ အလုပ်ပဲဟု သတ်မှတ်ထားသောကြောင့်
သောက်ဖူးရုံကလွဲ၊ နောက်မဝင်ရဲ။

;;မြမာလာ ;;နှင့် ကပ်လျက်တောင်ဘက်မှာ မစိုးရိမ် ရုပ်ရှင်ရုံဝင်းကြီးရှိပါသည်။မန္တလေးမှာတော့ အကျယ်ဝန်းဆုံး ရုပ်ရှင်ရုံဝင်းကြီးပါပေ…။ ကျုံးထောင့်မှာထိုင်ရင်း အညောင်းအညာဖြေပြီးနောက် မန္တလေးကာလသားတွေ မစိုးရိမ် ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကားပိုစတာတွေ ဝင်ကြည့်ဖြစ်ကြသည်။ ;;အင်းဝတံတားထိပ်ခေါင်ဖျား၊ စွန့်စားသည့်မောင်၊ ဒွေးညီနောင် ;; ဟူသော စာသားကို သဘောကျနေသည်။”ပုလဲဒေဝီ” ဓာတ်ရှင်ကားမှ ဇာတ်ဝင်ဓာတ်ပုံတွေကို ကြည့်ရင်း အချင်းချင်းလက်တို့ကြသည်။ ထိုရုပ်ရှင်ရုံနေရာတွင် အရင်က “သီပေါရုံ” ကြီးရှိ၏။ သီပေါရုံခေတ်မှာ မန္တလေးမှာ ရုပ်ရှင်ရုံ၄ရုံပဲ ရှိခဲ့ပါသည်။ မြန်မာညွန့်(မြို့လယ်)၊ နေပြည်တော် (ဆိုင်းတန်း)နှင့် အယ်လဖင်စတုံး ရုံတို့ဖြစ်၏။

၁၉၃၂လောက်မှာတော့ သီပေါရုံကြီး မီးလောင်သွားပါသည်။ ထိုနေရာတွင် မစိုးရိမ်ရုံသစ်ကြီးပေါ်ပေါက်လာ၏။ မစိုးရိမ်ရုံကြီးမှာ တစ်ခါတစ်ရံဇာတ်ကြီးများ ရုံသွင်းတတ်သတဲ့။ ဦးအောင်ဘညို၊ ဦးအောင်မောင်း၊ ဇာတ်ကြီးတွေဖြစ်သတဲ့ …။ ၁၉၈၉ ခုနှစ်လောက် ဆီက မြို့တော်သိန်းဇော်၊ ရွှေမန်းသဘင်တို့လည်း မစိုးရိမ်မှာ ရုံသွင်းကပြဖူးပါသည်။ ကျယ်ဝန်းသော အကွက်အကွင်းကောင်းသော မစိုးရိမ်ရုပ်ရှင်ရုံဝင်းကြီးနေရာမှာ ဟိုတယ်ကြီးဆောက်မလိုလို လွန်ခဲ့သည့်နှစ်များဆီက ကြားလိုက်ရကာ အခုတော့ ကွန်ဒိုလား၊ စူပါမတ်ကက်လား အဆောက်အဦးကြီး တစ်လုံး ဆောက်ဆဲဖြစ်သည်။

မစိုးရိမ်ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင် လမ်း၈ဝ အနောက်ဘက်ခြမ်းမှာ ရွှေတိုက်ဝင်းရှိသည်။ ရွှေတိုက်ဝန်မင်း ပိုင်ဆိုင်သောဝင်းဖြစ်၏။ ထိုဝင်းကြီးထဲမှာ ရှေးရှေးက အယ်လဖင်စတုန်းရုပ်ရှင်ရုံရှိသည်။ ဘီလမ်းဘက်ကလည်း ဝင်၍ရသည်။ ထို့အတူ သွပ်မိုးသွပ်ကာနှင့် ရွှေတိုက်ဇာတ်ရုံရှိသည်။ ဇာတ်ပွဲကြီးတွေ သွင်းကြ၏။ ဆက်ကပ်ပွဲကြီးတွေ ရုံသွင်းကြ၏။ ရွှေတိုက်ရုံတွင် “မနီလာရှိုး” ခေါ် ဆက်ကပ်အဖွဲ့ကြီး ရုံသွင်းရန်ပြင်ဆင်နေစဉ် ကျောင်းပြေး၍ သွားကြည့်ခဲ့ရာမှ တရုတ်နှစ်သစ်ကူး ဗျောက်ဖောက်သံကြောင့် မျောက်တွေ လန့် ကာကျောင်းပြေးဇော် မမဦး(နဂါးဒေါ်ဦး) မျောက်အကိုက်ခံရကြောင်း အမေလူထုဒေါ်အမာ ရေးသားဖူးလေသည်။

ထိုရွှေတိုက်ဝင်းကြီးထဲတွင် ဦးစိန်ကတုံး၊ စန္ဒရားဦးဘအုံး၊ ရွှေမန်းတင်မောင် ဇာတ်အဖွဲ့များလည်း ရုံသွင်းကပြခဲ့ကြကြောင်း ကြားဖူးပါသည်။ အယ်လဖင်စတုံးကိုတော့ မမီ…။ ရွှေတိုက်ရုပ်ရှင်ရုံကိုတော့ မီသေးသည်။ ရွှေတိုက်ရုပ်ရှင်ရုံသည်လည်း “မမထားနှင့်အပါ”ဇာတ်ကားပြသနေစဉ် ရုံပြိုကျတာကိုလည်း မှတ်မိပါသည်။ ပြိုကျနေသော ရုံပျက်ကို နောက်ရက်တွေမှာ ပွဲကြည့်သလို သွားကြည့်ကြရတာလည်းမမေ့…။

မစိုးရိမ်ရုပ်ရှင်ရုံဝင်း၏ တောင်ဘက်မှာ လှိုင်း တေးသံသွင်းရှိ၏။ မန္တလေး၏ ကနဦး တေးသံသွင်းဆိုင်ကြီးများဖြစ်၏။ ယခုထက်တိုင်”မောင်ဘမင်းစီစဉ်တင်ဆက်မှု”ဟူသော မြန်မာတိတ်ခွေများကား သိမ်းဆည်းထားရမည့် တိတ်ခွေများဖြစ်သည်။ ပိုင်ရှင် ဆရာဦးဘမင်းသည် အမေရိကန်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့တစ်ခုရရှိခဲ့သည်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ခတ်က
ကျွန်တော်ဖြေဆိုခဲ့ရသော သင်္ချာနောက်ဆုံးနှစ် စာမေးပွဲတွင် လူတွေ့ နူတ်ဖြေ၌ ဆရာက ပြင်ပစာစစ်အဖြစ် မေးမြန်းသည်။ ကဲ ကုလသင်္ချာတစ်ပုဒ်ကို ခက်ခဲစွာ တွက်ချက်နေရသောကြောင့် သက်ညှာစွာဖြင့် စကြာဝဠာကြီး အကြောင်းမေးမြန်းသော်လည်း ယောင်ချာချာဖြစ်နေသော ကျွန်တော့်ကိုကြည့်ကာ ဆရာသည် ပြုံးပြုံးကြီး ခေါင်းယမ်းနေ၏။

ဆရာသည် ပန်းချီဆရာတစ်ဦးလည်းဖြစ်သည်။ သူ့ဆီဆေးကား တချို့ကို မြင်ဖူးစွဲလမ်းဖူးသည်။ အမေရိကန်ပြန် နက္ခတ္တ သင်္ချာပညာရှင်သည် ပန်းချီလည်း မဆွဲတော့ဘဲ မာစတာ တိတ်ခွေကြီးများမှ သီချင်းသံစဉ်ဂီတများနှင့် ပျော်မွေ့ပြီးနောက် အခုတော့ တမလွန်ရှိကောင်းရာသုဂတိဘုံမှ သူချစ်သော မန္တလေးကို ပြုံးပြုံးကြီးငုံ့ကြည့်နေမှာ သေချာသည်။

လမ်း၈ဝပေါ်မှာပဲ ၂၇လမ်း မရောက်မီမှာပင် ပွဲကတော်အုပ်ဆေးတိုက် ရှိသည်။ မန္တလေး၏ ရွာနေပြည်ထိုင် နာမည်ကျော် မြန်မာဆေးတိုက်ကြီးဖြစ်သည်။ ဆွမ်းအုပ်ကလေးကို ပိုက်နေသော သူငယ်တော်
အမှတ်တံဆိပ်သည် မန္တလေးရှိ အိမ်တိုင်းမှာ မရှိမဖြစ် လက်ကိုင်ဆေးဖြစ်သည်။ ကိုယ်ပူလျှင်လည်း ပွဲကတော်အုပ်ဆေး၊ အစာမကြေ ရင်ပြည့်လျှင်လည်း ပွဲကတော်အုပ်ဆေး၊ ရင်ကျပ်လည်း ပွဲကတော်အုပ်ဆေး၊ မန္တလေးမွေး ကလေးငယ်လေးတွေ၏ ကျေးဇူးရှင် ဖြစ်ခဲ့၏။

လမ်း၈ဝနှင့် ၂၇လမ်းထောင့် အနောက်ဘက်တန်းမှာတော့ ဆစ် ဘုရားရှိခိုးကျောင်း ရှိသည်။ လမ်း၈ဝ သည် ၂၇ လမ်းကျော်သည်နှင့် တရုတ်တန်း အမည်တွင်တော့သည်။ ၂၇လမ်းနှင့် ၂၈ လမ်းကြားမှာတော့ ယခင်က ဒဂုန် ဓာတ်ပုံတိုက် ရှိ၏။ အောင်မြန်မာယပ်တောင် တိုက်ရှိ၏။ ပန်းချီဆရာကြီးဦးအောင်ခင်၏ သုခုမရတနာတိုက်ရှိ၏။ အခုမရှိကြတော့။

ထို့နောက် ရွှေနဂါးရုပ်ရှင်ရုံဝင်း ရှိသည်။ ရွှေနဂါးရုပ်ရှင်ရုံရှေ့ပေါက် မျက်နှာချင်းဆိုင် လမ်းအရှေ့ဘက် ပလက်ဖောင်းမှာ ညမှထွက်သော ဘရားသား ထမင်းပေါင်းဆိုင်ရှိသည်။ သူ့ဆိုင်က ထမင်းပေါင်းနှင့် ဆီချက်ခါက်ဆွဲက နာမည်ကြီးသည်။ ချောမောလှပသော ကျောက်မဲသူ ညီအစ်မတစ်တွေ၏ ဖော်ရွှေမှုကလည်း ထိုနေရာရောက်သည်နှင့် သူ့ဆိုင်ဆီ ခြေဦးလှည့်ဖြစ်သည်ချည်းဖြစ်သည်။

ထိုနေရာအနီးမှာပဲ နံကင်၊ အခေါက်ကင် ဝက်နားရွက်သုပ် စသည်တို့နှင့် ထမင်းနာမည်ကြီးသော ရုံစိန် နှင့် မင်းဟိန်းခေါက်ဆွဲဆိုင်တွေ ရှိသေးသည်။ မလှမ်းမကမ်း ၂၈လမ်းထောင့်မှာက အရှေ့ဘက်က ရွှေမန်း၊ အနောက်ဘက်ထောင့်က ညီနောင် လက်ဖက်ရည်ဆိုင်တွေရှိသည်။ အီကြာကွေး၊ မလိုင်နံပြားတို့က နာမည်ကြီး၏။ ရှေးက ပန်းချီဦးဘသက်၊ စောင်းကောက်ဦးလှကျော်၊ မြို့မငြိမ်းနှင့် မြို့မအသင်းသားတွေ စတည်းချကြသည့်နေရာပေါ့။ ရွှေနဂါးရုံက မြန်မာကားသစ်များပြသည်။ ရုံဝင်းက ကျယ်၏။ ရုံပေါက်မှာလည်း ဒဂုန်နို့အေးဘားဆိုတာ ရှိသေးသည်။ ရွှေနဂါးရုပ်ရှင်ရုံမှာ မုန့်ဆိုင်များနည်းတူ စာအုပ်ဆိုင်လည်းရှိသည်။ ရုပ်ရှင်ကြည့်ရန် ရုံသို့ရောက်လျှင် စာအုပ်ဆိုင်ဘက် ခြေဦးလှည့်ကာ လစဉ်ထုတ် မဂ္ဂဇင်းအသစ်တွေ ဝယ်ဖြစ်သည်။
ထိုစဉ်အခါက ရုပ်ရှင်ရုံတိုင်းတွင် စာအုပ်ဆိုင်တစ်ဆိုင် အမြဲရှိသည်။ ရွှေနဂါးရုပ်ရှင်ရုံဝင်းကလည်း ပုဂ္ဂလိက ဆေးကုမ္ပဏီဂိုဒေါင်ကြီး အသွင်ပြောင်းကာ အခုတော့ စူပါမတ်ကက်နှင့် ကွန်ဒိုကြီးတစ်လုံးအဖြစ် ထည်ဝါနေချေပြီ။

ယခုလို COVID 19 ကပ်ရောဂါဘေးကြောင့် ရက်ရှည် အိမ်တွင်းအောင်းနေရစဉ် ငယ်စဉ်က သွားဖြစ်ခဲ့သော ကျုံးထောင့်ဝန်းကျင်ကို လွမ်းဆွတ် သတိရနေသည်။ သူငယ်ချင်းတွေနှင့် ကျုံးဘေးက သစ်သားတံတားလေးပေါ် ထိုင်ရင်း ရတနာပုံအငြိမ့်အကြောင်း၊ မြို့မသီချင်းတွေအကြောင်း၊ ရတနာမဉ္စူဘုရားပွဲအကြောင်း၊ ဗထူကွင်းက စမူစာသုပ်အကြောင်း ထွေရာလေးပါးပြောချင်ပါသည်။ အိမ်ကမုန့်ဖိုးလေး စို့စို့ပို့ပို့ရလျှင်
မမာလာနို့အေးဘားက ဆိမ့်ဆိမ့်အေးအေးတစ်ပုလင်းသောက်မည်။ မစိုးရိမ်မှာ အာဒါဒါးနားအိန္ဒိယကားသစ် ကြည့်မည်။ ဒါမှမဟုတ် ရွှေနဂါးမှာ ယင်းမာပင်လမ်းခွဲတဲ့။ ဇော်ဝမ်း၏ ရုပ်ရှင်ကားသစ်ဝင်နေသည်။ ဘရားသားမှ ထမင်းပေါင်းစားရင်း ရုပ်ရှင်ကြည့်မလား။ အပြန်မှာ ညီနောင်ဝင်ပြီး လက်ဖက်ရည်နှင့် မလိုင်နံပြားစားမလား..။ဪ.. လွမ်းလှချည့်..။

အခုတော့ မိုးလင်းမိုးချုပ် အိမ်တွင်းအောင်းကာ မျှော်လင့်ချက် ပန်းတိုင်ကို မှန်းဆရင်း စိတ်မော..။ အကယ်၍ အရင်လို ပျော်ပျော်ရွှင်ရွှင် နေခွင့်ရငြား ထိုနေရာများကား အရင်လို မရှိတော့ချေပြီ။ အားလုံးနီးပါးအသစ်..၊ တစိမ်းဆန်လွန်းသော အသစ်၊ ရင်ခုန်ဖွယ် မရှိတော့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW