တပို့တွဲဇာတ်ကွက်

ဆူးငှက်

“ချိုးဥမှ တိမ်စုံလေ
သတ္တဗိသျှ နက္ခတ္တနှင့်
ယှဉ်ကြမလွဲ . . . တပို့တွဲနှင့်
ပေါက်လဲငုံကင်း . . .။
ထန်းရည်ငယ် နင်းကြသည်
နှင်းထုံထုံငယ်နှင့်လေး။””
နှင်းကတော့ မပျောက်သေး . . .၊ ရာသီက အအေးဓာတ်လျော့သလို မလျော့သလို၊ အပူဓာတ်က တွန့်ဆုတ်ဆုတ်နှင့် အားစမ်းစပြုဆဲ . . .၊ အပူအရိပ်အယောင်လေး တစ်စွန်းတစ်စမြင်လိုက်သည်နှင့် ဖုန်လုံးကြီးတွေ လေပွေမွေမျှ ဟာဝေယံက ကကြ၏။

ခြင်ပုန်းတို့က ဝီဝီ သြဘာသံပေးက တစ်အုပ်တစ်မကြီးပြေးထွက်လာကြသည်။ လမ်းဘေးရေမြောင်း အပေါင်းအဖော်များကလည်း အနံ့ဆိုးတလူလူနှင့် ငယ်မူ ပြန်ကြပေဦးမည်။ သည်ဇာတ်ကွက်ကတော့ မထူးခြား . . .၊ ယခင်နှစ်များကအတိုင်း ဖြစ်၏။ ဇာတ်ညွှန်းဟောင်းကြီးကို ဖုံခါကာ စာလုံးဟောင်းပေါ် ဆေးထပ်တင်ကြဦးမည်။သည် မနှစ်ကထက် ပိုဆိုးမတဲ့။ အယ်လ်နီညိုတဲ့၊ ရေရှားမတဲ့ . . .။ရိပ်နွေငွေ့လေးရေးရေးမျှ ထင်စပြုချိန်တွင် တပို့တွဲသည် သူ၏ လပြည့်ဝိုင်းဝိုင်းစက်စက်ကြီး ထွန်းလင်းချိန် ဆောင်းကို တစ်ချီတစ်မောင်း မျက်နှာသာပေးသေး၏။ သည်တစ်ချီတစ်မောင်းကလည်း အားကောင်းမောင်းသန် . . .၊ ဘုရားရှင်ပင်လျှင် ခြေတော်လက်တော် ကျင်ရလေသည်။

ထ၊ ထမနဲ တပို့တွဲ . . . တဲ့။ ငယ်ငယ်က အော်ဟစ်ခဲ့ရသည်ကတော့ ပြောင်းလဲချေပြီ။ ထို့အတူ . . . ငယ်ငယ်ကလို . . .မပဲဆံတွေစုမ်းတွေစု . . . အုန်းသီးတွေစု . . . ဆီတွေစု . . . ကောက်ညှင်းဆန်တွေစုပြီး လပြည့်အဖိတ်နေ့ညမှာ အိမ်တိုင်းစေ့ ထမနဲ ထိုးကြသည့် အတွေ့အကြုံ မြင်ကွင်းကလည်း ပြောင်းလဲသွားချေပြီ . . .။

ယခင်က တပို့တွဲလပြည့်ကို ပြာသိုလပြည့်ကျော်ကတည်းက တစ်လကြိုတင် သတိရမှုမျိုးမဟုတ်တော့ . . .။ အဖိတ်နေ့ညနေရောက်မှ ဗုန်းခနဲ၊ ဒိုင်းခနဲ သတိရကာ . . . ၈၂လမ်း ကယ်လီကျောင်းနားကို အပြေးအလွား သွားပြီး အသင့်ထိုးပြီး ထမနဲ အစိတ်သား ပတ်ကင်တစ်ထုပ် ပြေးဝယ်ရသည်။ အဆင်သင့် ထုပ်ပိုးပြီး မီးပုံးထင်းတစ်ထုပ်ကိုလည်း ဝယ်ရသည်။ မိုးအချုပ် အိမ်ပြန်အရောက်မှာ . . . လက်ထဲက ထမနဲထုပ်တွေ မီးပုံးထင်းထုပ်တွေမြင်မှ အိမ်က မိသားစုကလည်း နက်ဖြန်တပို့တွဲလပြည့်ပဲဆိုတာ သတိရကြတော့၏။

သည်နေ့ည မိသားစု ထမင်းဝိုင်းမှ . . . ငယ်ငယ်က ထမနဲပွဲအကြောင်းအရာလေးတွေ ဗဟုသုတရအောင် ပြောပြမည်စိတ်ကူးထား၏။ သံပရာပိုင်းဗြဲဒယ်ကြီးကို ရပ်ကွက်အသင်းမှာ (သို့မဟုတ်) အရပ်နားဘုန်းကြီးကျောင်းမှာ တပျော်တပါး သွားငှားကြရတာ . . .။ ထမနဲ ထိုးသည့် ယောင်းမကြီးတွေကိုတော့ အိမ်မှာ အမြဲ အပိုင်လုပ်ထားပြီးတာမို့ . . . သင်္ဘောဝါးကြမ်းစင်ပေါ်ကချပြီး ဆေးရကြောရတာ . . .၊ ကောက်ညှင်းနံ့လေး မွှေးလာသည်နှင့် ပါးစပ်တပြင်ပြင်ဖြစ်ရသော်လည်း မနက်ဆွမ်းတော်ကပ်ပြီးမှ စားရမှာမို့ ဒယ်အိုးအဆေး၊ ယောင်းမ အအေးမှာ အိုးကပ်ချိုး ခွာစားရတာ . . .။

လပြည့်နေ့မနက် အရုဏ်မတက်မီ ထမနဲ ဆွမ်းတော်တင်၊ မီးပုံးထင်း ပူဇော်ပြီး ဘုရားတွေ . . . ဘုန်းကြီးကျောင်းတွေကို ထမနဲ အလျှံပယ် လှူရတာ။ အိမ်နီးချင်းတွေလည်း သူ့ထမနဲ၊ ကိုယ့်ထမနဲ အပြန်အလှန် လဲလှယ်စားကြရတာ . . . ပြီးတော့ ဘယ်သူ့ထမနဲက ကောက်ညှင်းကောင်းတယ်။ ဘယ်သူ့ ထမနဲက နည်းနည်းပျော့သွားသလားလို့ . . .။ ဘယ်သူ့ထမနဲ့ ရှမ်းနှမ်းလေးမို့မွှေးလိုက်တာ . . .။ ဘယ်သူ့ထမနဲကဖြင့် ဆီကလေးနည်းနည်းသက်တယ်နော် . . .။ ဘယ်သူ့ ထမနဲက အုန်းသီးဆံနိုင်းချင်းပဲဟေ့ ဆိုတာမျိုး တစ်နေ့လုံး ပြောမကုန်တာ . . .၊ ကြောင်အိမ်ထဲမှာ ဆီတွေ အိုင်ထွန်းနေသည့် ထမနဲဇလုံကြီးမှာ လေးငါးခြောက်ရက် တစွတ်စွတ်ယူစားလို့ မကုန်တာ. . .။ နောက်ရက်တွေအထိကျန်တဲ့ ထမနဲကို ကြော်ပြီး ကြွပ်ကြွပ်ရွရွလေး စားရတာ၊ သားသမီးတွေကို ပြောပြချင်လှသည်။
ထိုအခါ စောစောက ဝယ်လာသော ထမနဲအစိပ်သားထုပ် ပက်ကင်လေးကတော့ မကြားချင်ယောင်ဆောင်နေမှာပေါ့. . . ။

ပေါက်လဲငုံကင်းစေ၊နှင်းကြွင်း၊ ဇာတ်ဝင်ခန်းတွေ ဇာတ်ညွှန်းဟောင်းကြီးအတိုင်း ကပြဆဲ။ ထမနဲဇာတ်ကွက်ကတော့ အတော့်ကို ပြောင်းလဲသွားပါ၏။ မမှတ်မိနိုင်လောက်စရာ . . .။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW