စက်သုံးဆီစျေး မြင့်လာတာကြောင့် အခမဲ့ လူမှုကူညီရေးလုပ်ငန်းတွေ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာ

မတ် ၄-၂၀၂၂
စိုးပိုင် ၊ (VOM)
 
စက်သုံးဆီ စျေးနှုန်းမြင့်မားလာတဲ့အတွက် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က အခမဲ့ လူမှုကူညီရေးနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ အသင်းတွေဟာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲလာတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
 
” တနေ့ကို အနည်းဆုံး ကူညီကယ်ဆယ်ရေးလမ်းကြောင်း ၂၀ ဝန်းကျင် ပုံမှန်လိုက်ရတယ် ၊ စက်သုံးဆီဖိုးက ၂ သိန်းကျော် ကုန်ကျပြီး ယာဥ်ပြုပြင်စရိတ်နဲ့ အသင်းရုံးစရိတ်နဲ့ဆို တနေ့ကုန်ကျစရိတ်ဟာ သုံး လေး သိန်းရှိတယ် ၊ အလှူငွေဆိုတာလည်း လမ်းကြောင်း ၁၀ ခုမှာ အလှူရှင် ၂ ဦး ပေါ်ပေါက်လာဖို့ မလွယ်ဘူး ၊ အဲ့ဒီတော့ စက်သုံးဆီကို အကြွေးစနစ်နဲ့ ဝယ်ယူသုံးစွဲပြီး အခမဲ့စနစ်နဲ့ ကူညီကယ်ဆယ်ပေးတာဆိုတော့ ရေရှည်မှာ မလွယ်တဲ့အတွက် လူမှုကူညီ ကယ်ဆယ်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ဆီးစျေး အခြေအနေအရ ယာယီရပ်နားဖို့ ပြင်ဆင်ထားပါတယ် ” လို့ မုံရွာ လူမှုကယ်ဆယ်ရေးအသင်းရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
မုံရွာမြို့က အခမဲ့ လူမှုကယ်ဆယ် ကူညီရေးနဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ ပရဟိတအသင်းတွေဟာ အရေးပေါ်လူနာတွေကို ၂၄ နာရီ ကူညီပေးတာ ၊ ယာဥ်မတော်တဆမှုတွေ အပါအဝင် မီးဘေးကိစ္စတွေကိုပါ လူအင်အား ၊ ယာဥ်အင်အားတွေ စိုက်ထုတ်သုံးစွဲပေးကြတာဖြစ်ပါတယ်။
 
” ကယ်ဆယ်ရေး လုပ်ငန်းတွေအများစုဟာ အသုံးပြုရတဲ့ ယာဥ်ယန္တရားက အင်ဂျင်ပါဝါကြီးတယ် ၊ ဆီစားနှုန်းများတယ် ၊ အခု လက်ရှိဆီစျေးနဲ့ဆို အခမဲ့ ဝန်ဆောင်မှုပေးဖို့ လုံးဝ အဆင်မပြေနိုင်တော့ဘူး ၊ အဲ့ဒါကြောင့် ကူညီရေးလုပ်ငန်းတွေ ရပ်နားထားဖို့ စီစဥ်တာပါ “လို့ မုံရွာမြို့ခံ အခမဲ့ လူမှုကူညီရေး ပရဟိတလုပ်ငန်း ဦးဆောင်သူတဦးက ပြောပါတယ်။
 
ဒါ့အပြင် မုံရွာမြို့ရဲ့ မြို့မိမြို့ဖလိုဖြစ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးက” ဆီစျေးကြီးလို့ အသင်းတွေ ရပ်နားထားရတာမျိုး မဖြစ်ရအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အရင်ဆုံး ညှိနှိုင်း အဖြေရှာစေခြင်တယ် ၊ ဒါမှမဟုတ် စည်ပင်သာယာလို ဌာနမျိုးနဲ့ ဆွေးနွေးကြည့်တာမျိုးပေါ့ ၊ ကိုဗစ်ရောဂါ အခြေအနေက ဘာမှန်း မသိရသေးတဲ့အချိန်မှာ ၊ လူမှုကူညီရေးအသင်းတွေက အလုပ်တွေရပ်နားထားလို့ ပြည်သူတွေ ဒုက္ခပိုလာတာမျိုး မဖြစ်စေခြင်ဘူး” လို့ ပြောပါတယ်။
 
အခုဆို မုံရွာမြို့ပေါ်က လူမှုကူညီရေး အသင်းငယ်လေးတွေဟာ ၊ စက်သုံးဆီစျေးနူန်းမြင့်တက်လာမှုကြောင့် လူမှုကူညီရေးလုပ်ငန်းတွေ ယာယီရပ်နားထားကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မုံရွာမြို့ပေါ်မှာ အခမဲ့ လူမှုကူညီရေး အသင်း ၃၀ ကျော်ရှိတဲ့အနက်က မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (မုံရွာ) ၊ သုခဟိတ ၊ ကရုနာမြင့်မိုရ် ၊ ဒေဝဂတိ ၊ ရုံးကြီးလူငယ် ၊ ရွှေလယ်တီ စတဲ့ လူမှုကူညီရေးအသင်းတွေလောက်သာ ရပ်တည်နိုင်ပြီး ကျန်အသင်းတွေကတော့ အသင်းလိုက် ပျောက်ကွယ်သွားတာနဲ့ အခမဲ့ ကူညီရေးလုပ်ငန်းတွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။
 
#VoiceOfMyanamr #VOM #စက်သုံးဆီစျေးမြင့်မှု #လူမှုရေးလုပ်ငန်း #ရပ်တည်ဖို့ခက်ခဲလာ

Related posts

Leave a Comment

VOM News

FREE
VIEW