စားအုန်းဆီ တစ်ပိဿာကို ၇၇၀၀ အထိ စံချိန်တင် မြင့်တက်၊ပြည်တွင်းထွက် မြေပဲဆီနဲ့ နေကြာဆီဈေးပါ မြင့်တက်

မတ် ၄-၂၀၂၂
VOM (GG)
 
ပြည်တွင်း စားအုန်းဆီစျေးက တစ်ပိဿာကို ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာသလို ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းကလည်း မြင့်တက်လာတာကိုတွေ့ရပါတယ်။
 
စားအုန်းဆီဟာဆိုရင် အရင်က တစ်ပိဿာကို ၁၈၀၀ ကျပ်ထိသာရှိရာကနေ အခုဆ်ိုရင် ၈၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်လာတာဖြစ်ပြီး မြေပဲဆုံဆီအစစ်ကလည်း အခုရက်ပိုင်းမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။
 
ဒါ့ကြောင့် ဆီစျေးမြင့်တက်မှုဟာ အခြေခံလူတန်းစား စားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
 
” အရင် ပိုက်ဆံ ၈၀၀၀ ဆိုရင် ဆီ ၄ပိဿာရတယ်၊ အခုက ၈၀၀၀ဆို ၁ပိဿာပဲရတယ်။ဘယ်လောက်ကွာဟသွားလည်း တွေးကြည့်လေ။ကျနော်တို့ တနေ့လုပ်အားခက ၇၀၀၀ နဲ့ ၈၀၀၀ ကြားပဲရှိတယ်။ ကုန်စျေးနူန်းက မိုးလောက်မြင့်တက်နေမှတော့ ရှေ့လျှောက် ငတ်ရုံပဲရှိတော့မှာ “လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
 
နေကြာဆီ စျေးကလည်း တစ်ပိဿာကို ၉၀၀၀ ကျော်အထိမြင့်တက်လာသလို၊ဟင်းသီးဟင်းရွက်ဆီစျေးနူန်းလည်းမြင့်တက်လာတယ်လို့ သိရပါတယ်။
 
စားအုန်းဆီစျေးနူန်းထိန်းဖို့အတွက် တာဝန်ရှိသူတွေက ပြည်သူတွေလက်ထဲအရောက် ဆီရောင်းချပေးတာတွေရှိနေပေမယ့်လည်း လောက်ငှအောင် မရောင်းချနိုင်တာကြောင့် စားအုန်းဆီစျေးက ကျဆင်းလာတာမျိုးမရှိဘဲ ၈၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာနေဆဲဖြစ်တယ်လို့ သ်ိပါတယ်။
 
စားသုံးသူအချို့ကတော့ ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ မြေပဲဆီ၊နှမ်းဆီ ကို ပြောင်းလဲသုံးစွဲလာကြပေမယ့် ကျေးရွာနေလူထုကတော့ နေ့စဉ်ဝင်ငွေအရနဲ့ ဆိုင်တွေရဲ့လက်လီရောင်းချမှုက စားအုန်းဆီသာရှိတာကြောင့် စားအုန်းဆီကိုပဲ လက်လီချိန်တွယ် ဝယ်စားနေကြရဆဲဖြစ်ပါတယ်။
 
” အဓိက စျေးတက်တာ ၂ခုရှိတယ်။ မလေးရှားမှာကို စျေးတက်တယ်။နောက်တစ်ခုက သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တော့ စျေးတက်တာပေါ့။ သက်တမ်းတလျှောက် စံချိန်တင်စျေးနူန်းပေါ့။ မြေပဲဆီလည်းတက်လာတယ်၊ဘာကြောငိ့လဲဆိုတော့ မြေပဲဆံစျေးက တက်လာတယ်၊မီးကပြတ်တော့ စက်ရုံတွေက အချိန်ပြည့်မလည်ပတ်နိုင်ဘူး။ဆီအလုံလောက်မထုတ်နိုင်တာက တကြောင်းပေါ့။ တောင်သူတွေကလည်း စားအုန်းဆီ စျေးတက်တာကိုလိုက်ကြည့်ပြီး မြေပဲဆံစျေးခေါ်တယ်၊စျေးနည်းရင်မရောင်းကြဘူး၊ “လို့ စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးလုပ်ပိုင်နေတဲ့ လုပ်ငန်းရှင်တဦးကပြောပါတယ်။
 
ဒါကြောင့် စားအုန်းဆီစျေးမြင့်တက်နေချိန်မှာ ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ ပဲ ၊ နှမ်း စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ ထိုက်သင့်တဲ့နူန်းတခုဖြင့်သာ ရောင်းချသင့်သလို ပဲဆီ၊နှမ်းဆီ ကြိတ်ပြီးရောင်းချတဲ့ ဆီလုပ်ငန်းရှင်တွေအနေနဲ့လည်း ထိုက်သင့်တဲ့နူန်းထားနဲ့ရောင်းချသင့်တယ်လို့ ပြောပါတယ်။
 
” တောင်သူတွေက အခုမြေပဲဆံစျေးက ၃၇၀၀က တောင်သူတွေသတ်မှတ်တာမဟုတ်ဘူး၊ကုန်စည်ဒိုင်ကနေဆင်းလာတဲ့စျေးပါ။ဆီစျေးက နောက်ကနေ အလိုအလျှောက်ကပ်လိုက်လာတာပဲ၊ ပဲဆံကို ပြည်ပပို့ရတာကြောင့် ပြည်ပအော်ဒါရှိရင်အထူးသဖြင့် တရုတ်ဆွဲရင်စျေးတက်တယ် “လို့ မြေပဲစိုက်ပြီး ကိုယ်တိုင်ကြိတ်ခွဲဆီရောင်းချနေသူတဦးကပြောပါတယ်။
 
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ပြည်တွင်းမှာသာ ဆီထွက်သီးနှံတွေကို တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ပြည့်မီ အောင် ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း စတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်မှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။
 
ဆီလုပ်ငန်းရှင်အချို့ကတော့ ပြည်တွင်းမှာ စားအုန်းဆီ စျေးနူန်း ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #စားသုံးဆီဈေး #အဆမတန်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW