ယူကရိန်းစစ်ပွဲ ၈ရက်မြောက်

– စစ်ပွဲစတာ ၈ရက်ရှိပေမယ့် ရုရှားဟာ ယူကရိန်း မြို့တစ်မြို့တည်းသာ သိမ်းနိုင်ပါသေးတယ်။
 
– ဘေလာရိုစ့် နယ်စပ်မှာ ပြုလုပ်တဲ့ ယူကရိန်းနဲ့ ရုရှား နှစ်ဖက် ဒုတိယအကြီမ် ဆွေးနွေးပွဲကနေ လူသားချင်းစာနာမှုအကူအညီပေးဖို့ စင်္ကြံလမ်း တစ်ခု ထားဖို့ သဘောတူလိုက်ပါတယ်( စစ်ပွဲအကြား ပိတ်မိနေသူတွေကို ကယ်ဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီအတွက် စင်္ကြံဖြစ်ပါတယ်)။
 
– ယူကရိန်းသမ္မတ ဇလန်စကီးက ရုရှားသမ္မတ ပူတင်ကို သူနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
 
– ဇလန်စကီးက ဥရောပနိုင်ငံတွေကိုလည်း သူတို့ကို တိုက်လေယာဥ်တွေ ပေးဖို့ တောင်းဆိုတယ်၊ ယူကရိန်းကျသွားရင် ပူတင်က ဘောလ်တစ်နိုင်ငံ တွေဖြစ်တဲ့ လတ်ဗီယား၊ လစ်သူရိန်းနီးယား၊ အက်စ်တိုနီးယား ဘက်ကို စစ်ကြောင်းထိုးမှာသေချာတယ်လို့ သတိပေးလိုက်ပါတယ်။
 
– မနေ့က ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်းမြို့ Mariupol မာရီအာပိုလ် မြို့နေလူထုက မြို့ထဲမှာ ပိတ်မိနေပြီး လျှပ်စစ်မီးနဲ့ သောက်သုံးရေး လုံးဝပြတ်တောက် နေပါတယ်။
 
– ကီယက်ဗ်မြောက်ဖက် မိုင်၇၀ အကွာက ချဲနီဟင် Chernihiv မြို့ စာသင်ကျောင်းနဲ့ ကလေးဆေးရုံ အနီး လူနေရပ်ကွက်ဗုံးကြဲတိုက်ခိုက်ခံရလို့ ၂၂ ဦးသေဆုံးတယ်၊ မြို့က ရေနံသိုလှောင်ရုံလည်းဗုံးကျဲတိုက်ခိုက်ခံရတယ်။
 
– အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးက ရုရှားက ယူကရိန်းမှာစစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်အတွက် သက်သေအထောက်အထားရှာဖွေ စုဆောင်းမယ်လို့ထုတ်ပြန်လိုက်တယ်။
 
– မြို့တော်ကီယက်ဗ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရပြီး ရုရှားတင့်ကားတွေ မြို့ဆီဦးတည်နေပါတယ်။
 
– စစ်ပြေးဒုက္ခသည် ၁ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂကကြေညာလိုက်ပါပြီ။
 
– ပူတင်က သူတို့ရဲ့ ယူကရိန်း အထူးစစ်ဆင်ရေးက အစီအစဥ်ချထားတဲ့ အတိုင်း အောင်မြင်နေတယ်လို့ ပြောပါတယ်။
 
– ရုရှား ဗိုလ်ချုပ်တစ်ဦး ယူကရိန်းမှာ စနိုက်ပါထိပြီး သေဆုံးသွားပါတယ်၊ ဗိုလ်ချုပ် Andrei Sukhovetsky က အမှတ်၇ လေထီးတပ်၊ တပ်မမှူးဖြစ်ပြီး ရုရှားဘက်က အဆင့်အမြင့်ဆုံး အရာရှိ တစ်ဦး ဆုံးရှုံးတာဖြစ်ပါတယ်။
 
– ရုရှားအစိုးရက ယူကရိန်းစစ်ပွဲ အခြေအနေမှန်ကို လူတွေသိမှာစိုးလို့ ရုရှားနိုင်ငံရဲ့ တစ်ခုတည်းကျန်နေတဲ့ လွတ်လပ်တဲ့တီဗီ ချယ်နယ် Dozhd TV နဲ့ ရေဒီယို အသံလွှင့်ဌာန Ekho Moskvy တို့ကို ပိတ်ဖို့ အမိန့်ပေးလိုက်တယ်၊ ဝက်ဆိုက်တွေလည်းဖြုတ်ချခံရပါတယ်၊ ဒီသတင်းဌာနနှစ်ခုက ယူကရိန်း အထူးစစ်ဆင်ရေး ( ရုရှားအစိုးရက စစ်ပွဲလို့မသုံးဖို့ တားမြစ်ထား) နဲ့ပတ်သက်ပြီး မမှန်မကန် သတင်းတွေ ဖော်ပြသလို အစွန်းရောက် လှုပ်ရှားမှု၊ အကြမ်းဖက်မှုတွေ ကို အားပေးတဲ့ သတင်းတွေဖြန့်တယ်လို့ ရှေ့နေချုပ်ရုံးကစွပ်စွဲပါတယ်။
 
– အခုရုရှားမှာ အစိုးရထိန်းချုပ်တဲ့မီဒီယာသာ ကျန်ပါတော့တယ်၊ ရုရှားမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဆိတ်သုဉ်းသွားပါပြီ။
 
– ဂျာမဏီနိုင်ငံက ယူကရိန်းကစစ်ပြေးဒုက္ခသည်တွေ ကို လက်ခံမယ်လို့ ပြောပြီးနောက် ယူကရိန်းကပထမဆုံးဆိုက်ရောက်လာတဲ့ ရထားကို ကြိုဖို့ ဂျာမန်တွေဘူတာရုံမှာ စုဝေးရောက်လာတယ်။ အိမ်ရှင်ဂျာမန်မိသားစုတွေက သူတို့အိမ်မှာ ဒုက္ခသည် ဘယ်နှစ်ဦး လက်ခံနိုင်တယ်ဆိုတာကိုရေးထားတဲ့ ကတ်ပြားတွေကိုင်ပြီး ဒုက္ခသည်တွေကို သူတို့နေအိမ်တွေဆီခေါ်သွားပါတယ်။ သူတို့ကိုယ်တိုင် ဟစ်တလာ (ဂျာမန် နာဇီ ခေါင်ဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာ) နှိပ်စက်မှာကို ကြောက်လို့ ပြေးခဲ့ကြရတဲ့သူတွေမို့ ကိုယ်ချင်းစာတယ်လို့ လာကြိုကြတဲ့ သူတွေထဲက အသက်ကြီးတဲ့သူတွေက ပြောပါတယ်၊ ဒီအထဲမှာ လွန်ခဲ့တဲ့ ၆ နှစ်က ဆီရီယားကနေထွက်ပြေးလာတဲ့ ဆီရီးယားအမျိုးသားတစ်ဦးက ဒုက္ခသည်တွေ အတွက် ရိက္ခာတွေ ပေးပို့နေတာကို တွေ့ရပါတယ်။ စစ်ပြေးဒုက္ခသည်ဘဝကို စာနာတယ်လို့ ပြောပါတယ်၊။
 
– ယူကရိန်းမြို့တွေကို ရုရှားဒုံးလက်နက်တွေ အမြောက်တွေ ဗုံးတွေသုံးပြီး တိုက်ခိုက်နေပါတယ်၊ မြို့တော် ကီယက်ဖ် အနောက်မြောက်ဘက် မိုင် ၄၀ ( ကီလိုမီတာ ၆၀) အကွာက Borodyanka ဘိုရိုရန်ကွာ မြို့ဟာလုံးဝပျက်စီး သွားပါတယ်။
 
စစ်ရေးသုံးသပ်ချက်
 
စစ်ပွဲစတာ ၈ရက်ကြာနေပေမယ့် ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်ကို အခုအထိ မသိမ်းနိုင်သေးတာကိုကြည့်ရင် ရုရှားရဲ့ စစ်ရေးဗြူဟာက ရည်ရွယ်ထားသလို မဖြစ်လာဘူး လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင် ဝါလစ် က မှတ်ချက်ပေးပါတယ်။ အခုအချိန်အထိ ကီယက်ဗ်မြို့ မြောက်ဖက်က လေဆိပ်ကို မသိမ်းနိုင်သေးတာရယ်၊ ရုရှားတပ်တွေ စွန့်ပစ်ခဲ့တဲ့ တင့်ကားတွေ ရဲ့ အထဲမှာ ကျန်ခဲ့တဲ့ ရိက္ခာကိုကြည့်ပြီး ရုရှားစစ်ဗြူဟာအချိန်ဇယားက သူတို့မူလမှန်းထားတာထက် နောက်ကျနေတာကို ခန့်မှန်းနိုင်တာရယ်၊ နောက် နာဇီအစိုးရလက်အောက်က ယူကရိန်းတွေကို ကယ်ဖို့လာတယ် လို့ ရုရှားတပ်ကပြော‌နေ ပေမယ့် ယူကရိန်းဘက်က တစ်ယောက်မှ သူတို့ဘက်ကို ကူးပြောင်းလာတာမတွေ့ရတာရယ် တွေကို အခြေခံပြီး ပြောပါတယ်။
 
တကယ်လို့ ပိတ်မိနေတဲ့ မာရီအာပိုလ်မြို့ကို ရုရှာကသိမ်းနိုင်ပြီဆိုရင် ရုရှားကမြှောက်ပေးနေတဲ့ အရှေ့ယူကရိန်းက သီးခြားခွဲထွက်ရေးသမားတွေရဲ့ တပ်တွေက ၂၀၁၄ က ရုရှားက သိမ်းပိုက်ထားတဲ့ Crimea ခရိုင်းမီးယားက တပ်တွေနဲ့ ပေါင်းနိုင်မှာဖြစ်ပါတယ်။
 
အခုလောလောဆယ် ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ ယူကရိန်းတပ်တွေ ပိတ်မိနေပြီး အဆက်အသွယ်ဖြတ်တောက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ရုရှားတပ်တွေက ဒုတိယမြို့တော် ကာခိဗ် ကနေ တောင်ဘက်၊ မယ်လစ်တိုပို Melitopol ကနေ မြောက်ဘက်ကို ချီတက်နေပါတယ်။ အရှေ့ခြမ်းက ယူကရိန်းတပ်တွေ ပိတ်ဆို့ထားနိုင်ရင် ရုရှားက စစ်ရေးအရ အများကြီးအသာစီးရသွားနိုင်ပါတယ်။
 
သမ္မတ ဇလန်စကီးဘက်က အရှေ့ခြမ်းက တပ်တွေ အဆက်အသွယ်မပြတ်ခင် ရုတ်သိမ်းရမလားဆိုတာကို ဆုံးဖြတ်ရတော့မယ်၊ ရုတ်သိမ်းလိုက်ရင်လည်း အရှေ့ခြမ်းက မဟာဗြူဟာကျတဲ့ ကာခီဗ် – Dnipro-Melitopol လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။
 
ဘီဘီစီမြန်မာပိုင်း ဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှား-ယူကရိန်းစစ်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW