ရေနံစိမ်းကုန်ကြမ်း အဝင်နည်းပြီး ဝန်ဆောင်စရိတ်များလာတာ​ကြောင့် ကျောက္ကာရေနံချက်လုပ်ငန်းတွေ အလုပ်မဖြစ်

မတ် ၆-၂၀၂၂
SP (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကျောက္ကာကျေးရွာအနီးက ရေနံချက်လုပ်ငန်းတွေဟာ ကုန်ကြမ်း ရေနံစိမ်း အဝင်နည်းပါးပြီး ဝန်ဆောင်မှုကုန်ကျစရိတ်တွေ မြင့်လာတဲ့အတွက် ရေနံချက်လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
” မုံရွာမှာ ရေနံချက်အလုပ်ရုံတွေ စုဝေးတည်ရှိရာ ကျောက္ကာဘက်ကို ရေနံစိမ်းဝင်ရောက်တာ အလွန်ကို နည်းသွားပြီ ၊ အဝင် မရှိသလောက်ပဲ ၊ ချက်ဖိုလိုင်စင် ရရှိထားတဲ့သူတွေက ရေနံစိမ်း မရလို့ အလုပ်နားထားရတယ် ၊ လိုင်စင်မရှိတဲ့ ချက်ဖိုတွေက အလုပ်ဖြစ်နေတာ ” လို့ ရေနံချက်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
 
မုံရွာ ရေနံချက်ဇုန်ကို အရင်က ဝင်ရောက်လာတဲ့ ရေနံစိမ်းတွေဟာ ၊ မကွေးတိုင်း ၊ မင်းလှ ၊ ပေါက် ၊ မြိုင် စတဲ့မြို့နယ်တွေဘက်ကနေ ဝင်ရောက်လာတာဖြစ်ပေမယ့် မုံရွာ-ပုသိမ်ကားလမ်းပိုင်းမှာ ရေနံစိမ်း သယ်ယူပို့ဆောင်တဲ့ ဆီသယ်ယာဥ်တချို့ မိုင်းစမှန် ပျက်စီးခဲ့ပြီးနောက် မုံရွာ ရေနံချက်ဇုန်ကို ရေနံစိမ်းကားတွေ အဝင်နည်းသွားတာလို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
” ရေနံချက် လုပ်ငန်းလိုင်စင်ရှိတဲ့သူတွေက လိုင်စင်မှာပါတဲ့ အလုပ်တည်နေရာမှာပဲ ချက်ဖိုတည်ခွင့်ရှိတယ် ၊ လိုင်စင်မရှိဘဲ ချက်နေတဲ့သူတွေက နေရာပြောင်းပြီး ချက်ကြတာ ၊ အခုဆို ရေနံစိမ်းကို အရင်ကလို မုံရွာကို မသယ်တော့ဘဲ တောထဲမှာတင် ချက်ကြတယ် ၊ လိုင်စင်မဲ့ ချက်ဖိုတွေပဲ အလုပ်ဖြစ်နေတာ “လို့ ရေနံစိမ်းပွဲစား တဦးက ပြောပါတယ်။
 
မုံရွာ ကျောက္ကာရေနံချက်ဇုန်မှာတော့ ရေနံစိမ်း (၁)ပေပါဟာ ၃ သိန်း ၆ သောင်းကနေ ၊ ၄ သိန်း အထိ စျေးနူန်း သုံးမျိုး သုံးစား ရှိပြီး ချက်ပြီးသား ကုန်ချော ရေနံစျေးကွက်ဟာ ၄ သိန်းဝန်းကျင် နဲ့ အထက်မှာ ရှိကာ ရေနံစိမ်း (၁)ပေပါနဲ့ ချက်ပြီးသား ရေနံကုန်ချော (၁)ပေပါဟာ အမျိုးအစားလိုက် ၆ သောင်းကျပ် စျေးနူန်းကွာဟတယ်လို့လည်း သိရပါတယ်။
 
ပုံစာ – အလုပ်တွေရပ်နားထားရတဲ့ ရေနံချက်ဖိုပုံ
#voiceofmyanmar #VOM #ကျောက္ကာ #ရေနံစိမ်းကုန်ကြမ်း #ဝန်ဆောင်စရိတ်များလာ #ရေနံချက်ဖိုရပ်နားထားရ

Related posts

Leave a Comment

VOM News

FREE
VIEW