လွယ်ဂျယ်ဂိတ်သာပြန်ဖွင့်ပြီး ကျင်စန်းကျော့ဂိတ်ကိုပိတ်ထားတာကြောင့် ကုန်သွယ်မှုတွေရပ်တန့်နေ

မတ် ၆-၂၀၂၂
GG (VOM)
 
အခုနှစ် မတ်လ ၂ ရက်နေ့က ပိတ်ခဲ့တဲ့ နယ်စပ်ဂိတ်ထဲက ကချင်ပြည်နယ် ၊ဗန်းမောက်မြို့က လွယ်ဂျယ်ဂိတ်ကိုသာပြန်ဖွင့်ပေးပြီး မူဆယ်ကျင်စန်းကျော့ဂိတ်ကို ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ကျင်စန်းကျော့ဂိတ်ဟာ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ဂိတ်တစ်ခုဖြစ်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်တန့်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေကပြောပါတယ်။
 
” ပိတ်တုန်းက ၄ရက်နေ့ပြန်ဖွင့်မယ်ပြောတယ်၊ အခုပြန်ဖွင့်တော့ လွယ်ဂျယ်ပဲဖွင့်တယ်၊ကျင်စန်းကျော့ဂိတ်ပိတ်ထားလို့ ကားတွေပိတ်မိကုန်တယ်၊ကုန်သွယ်မှုတွေရပ်ကုန်တယ်။အမြန်ဆုံးပြန်မဖွင့်ရင် ပုတ်သိုးကုန်ပစ္စည်းတွေပျက်ဆီးလိမ့်မယ် ။ “လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တဦးကပြောပါတယ်။
 
လွယ်ဂျယ်ဂိတ်နဲ့ကျင်စန်းကျော့ဂိတ်ကနေ ကုန်ပစ္စည်းတွေကို သယ်ယူပေးနေတဲ့ တရုတ်ဘက်က ရှန်တိန်မောင်းသူတဦးမှာ ကိုဗစ်ပိုးတွေ့တာကြောင့်တရုတ်ဘက်က အဲ့ဒီ နယ်စပ်ဂိတ်နှစ်ခုကို မတ်လ၂ရက်နေ့မှာ ရုတ်တရက်ပိတ်ခဲ့တာပါ။
 
” လွယ်ဂျယ်ကပြန်ဖွင့်ပြီကြားတယ်။ကျင်စန်းကျော့ကတော့ မဖွင့်သေးပါဘူး။ပြန်မဖွင့်သေးတော့ ကုန်သွယ်မှုတွေရပ်နေပါတယ်။ အဓိက ဒီကနေပဲ တင်သွင်းနေတာ “လို့ ဆန်စပါးကုန်စည်ဒိုင်(မူဆယ်) ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။
 
လက်ရှိကျင်စန်းကျော့ဂိတ်ကနေ တရုတ်ဘက်ကို ကုန်တွေတင်ပို့ဖို့အတွက် မူဆယ် ၁၀၅ မိုင်မှာ စောင့်ဆိုင်းနေတဲ့ ဖရဲသခွားကား အစီးရေ ရာနဲ့ချီရှိနေတယ်လို့ သိရပါတယ်။
 
မူဆယ်ကျင်စန်းကျော့ဂိတ်ကနေ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ မြန်မာဘက်က စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပြောင်းစတဲ့ ပစ္စည်းတွေကို တရုတ်ဘက်တင်ပို့နေပြီး၊တရုတ်ဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊စားသောက်ကုန်တွေကို တင်ပို့နေတာဖြစ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #လွယ်ဂျယ်ဂိတ်ပြန်ဖွင့် #ကျင်စန်းကျော့ဂိတ်ပိတ် #ကုန်သွယ်မှုရပ်တန့်

Related posts

Leave a Comment

VOM News

FREE
VIEW