ယူကရိန်းစစ်ပွဲ ၁၂ ရက်မြောက်

– ရုရှား ထိတ်တန်း ဗိုလ်ချုပ်နောက်တစ်ဦး တိုက်ပွဲမှာ ကျသွားတယ်လို့ ယူကရန်းက ကြေညာပါတယ်။ ဗိုလ်ချုပ် Vitaly Gerasimov က ရုရှား စစ်ဦးစီးအရာရှိချုပ်၊ ရုရှား 41st Army ရဲ့ ဒုဗြူဟာမှူး ဖြစ်ပါတယ်။
 
– အဝိုင်းခံနေရတဲ့ မြို့တွေကို ရုရှားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဘေးလွတ်ရာထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရပ်သားတွေကို ကယ်လို့မရဖြစ်နေပါတယ်။
 
– ကီယက်ဗ်၊ မာရီအာပိုလ်၊ ဆူမီ၊ ကာခီဗ် မှာ ပိတ်မိနေတဲ့ အရပ်သားတွေ ရုရှားနိုင်ငံဘက်ခြမ်း ဒါမှမဟုတ်ရင် ဘေလာရုစ် နိုင်ငံဘက် ဆီလာမယ်ဆိုရင် ဘေးကင်းလုံခြုံတဲ့ လမ်းလုပ်ပေးမယ်လို့ ရုရှားကကမ်းလှမ်းလိုက်ပါတယ်၊ ယူကရိန်းက ယုတ်မာပက်စက်တဲ့ အကြံလို့ တုံ့ပြန်ပါတယ်။
 
– ရော့ကက်လောင်ချာတွေ ကြားက ကီယက်ဗ်မြို့ အနောက်မြောက်မှာရှိတဲ့ အဲပင်မြို့က အရပ်သား ၂၀၀၀ လောက်ဘေးလွတ်ရာကိုထွက်ပြေးနိုင်ပါတယ်။
 
– ရုရှားနဲ့ ယူကရိန်းအကြားတတိယအကြိမ်ဆွေး‌နွေးပေမယ့် ထူးခြားတဲ့ ရလာဒ်မရခဲ့ပါဘူး၊ မနက်ဖြန်မှာ နောက်တကြိမ်ဆွေး‌နွေးဖို့ အစီအစဥ်ရှိပါတယ်။
 
– ရုရှားဆီက ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ဝယ်သုံးနေရတာကို လျော့ဖို့ အနောက်နိုင်ငံတွေက နည်းလမ်းရှာနေကြပါတယ်၊ ယူကရိန်းစစ်ပွဲကြောင့် ရေနံစျေးက ၁၃ နှစ်အတွင်း အမြင့်ဆုံးစျေးတက်သွားပါတယ်။ အမေရိကန်က ရုရှားဆီက ရေနံ နဲ့ ဓါတ်ငွေ့ အစား တခြားနိုင်ငံတွေဆီက အစားထိုးဝယ်ဖို့ အမေရိကန်က အကြံပေးလာပါတယ်။
 
– ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ တိုးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ကနေဒါနဲ့ ဒတ်ချ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးနေပါတယ်။
 
– ရဲက ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူနေတဲ့ ကြားက ယူကရိန်းစစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ရုရှားက မြိုတချို့မှာဆက်လက်ဖြစ်ပွားနေပါတယ်။
 
– ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့အထိ ရုရှားက မစ်ဇိုင်း ၆၂၅ လုံးပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဌာန က ထုတ်ပြန်ပါတယ်။
 
– အမေရိကန်က ဥရောပဆီ နောက်ထပ် တိုက်ခိုက်ရေးမဟုတ်တဲ့ စစ်သား၅၀၀ စေလွှတ်မှာ ဖြစ်တယ်။
 
– Australia, UK, EU countries, Iceland, Canada, Liechtenstein, Monaco, New Zealand, Norway, Korea, San Marino, Singapore, USA, Taiwan, Ukraine, Montenegro, Switzerland, Japan နိုင်ငံတွေကို ရုရှာက မိတ်ဆွေမဟုတ်တဲ့ နိုင်ငံများစာရင်းသွင်းလိုက်ပါတယ်။
စစ်ရေးသုံးသပ်ချက်
အမေရိကန်စစ်ဌာနချုပ်က ရုရှားတပ်တွေ ယူကရိန်းထဲ နောက်ထပ်ဝင်လာတာမတွေ့ရသလို ဘေလာရုစ် တပ်တွေ ဝင်လာတာလည်းမတွေ့ရဘူးလို့ ပြောပါတယ်။ ရုရှားဘက်က တာဝေပစ်ဒုံးကျည်တွေကိုပိုသုံးလာနေပါတယ်။ ဒါကလည်း မြေပြင်လှုပ်ရှားမှုတွေ ထင်သလောက်မလုပ်နိုင်သလို ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစံနစ်က အားကောင်းနေဆဲဖြစ်လို့ လေကြောင်းတိုက်ခိုက်မှုတွေကို မျှော်လင့်ထားသလောက် မလုပ်နိုင်တာတွေ့ရပါတယ်။
 
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့် အစီအစဥ်ကို ပူတင်ကရုရှားထောက်လှမ်းရေး FSB ကို လုံးဝအသိမပေးဘူးလို့ FSB အဖွဲ့ထဲက ပေါက်ကြားလာတယ်လို့ ယူဆရတဲ့ ရီပို့ တစ်ခုမှာရေးထားပါတယ်။ ဒီရီပို့အဆိုအရ ရုရှားဘက်ကကျဆုံးတဲ့ စစ်သားဦးရေက တစ်သောင်းနားကပ်နေပြီလို့ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ယူကရိန်းစစ်ပွဲမှာ စစ်သား ၅၀၀ ခန့်သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ပွဲ မအောင်မြင်တဲ့အပေါ် FBS ကိုအပြစ်တင်နေပေမယ့် FBS ကို ကြိုတင်သတိပေးတာမရှိသလို ပိတ်ဆို့အရေးယူမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုလည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။
 
ရုရှားက မြို့တော် ကီယက်ဖ်ကို သိမ်းနိုင်ရင်တောင်မှပဲ ယူကရိန်းတစ်နိုင်ငံလုံးကိုထိန်းထားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ယူကရိန်း တစ်နိုင်ငံလုံးက ပူတင်နဲ့ ရုရှားကို ဆန့်ကျင်နေကြတာဖြစ်လို့ ယူကရိန်းတွေဘက်က ပြောက်ကျားစစ်နဲ့ရုရှားတွေကို ဆက်ပြီးတိုက်ပွဲဝင်နေကြမှာပါ။
 
ဘီဘီစီမြန်မာပိုင်း ဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှားယူကရိန်း
 
Photo- BBC

Related posts

Leave a Comment

VOM News

FREE
VIEW