လှိုင်မြို့နယ်မှာ ဒုအရာခံဗိုလ်(အငြိမ်းစား)တစ်ဦး အပါအဝင် (၃)ဦးဖမ်းဆီးခံရ

မတ် ၇-၂၀၂၂
Sp+KK (VOM)
 
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၈ ရပ်ကွက်မှာ မနေ့ မတ်လ (၇)ရက်နေ့က အငြိမ်းစားဒုအရာခံဗိုလ်တစ်ဦးနဲ့လူငယ်(၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
လှိုင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဦးချိုလမ်းသွယ်မှာ နေထိုင်တဲ့ မြဝတီရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ်အငြိမ်းစား ဦးကျော်ဌေးဝင်းကို မနေ့ နေ့လယ်ပိုင်း စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“စစ်တပ်ရော ရဲရော SB တွေရော လာဖမ်းသွားတာ
စစ်တပ်သတင်းကို PDF တွေ ပေးလို့ဆိုပြီးလာဖမ်းတာ”လို့ သူကပြောပါတယ်။
 
ဦးကျော်ဌေးဝင်း ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က
” ဦးကျော်ဌေးဝင်းက တပ်မတော်အငြိမ်းစား ဒုအရာခံဗိုလ်တယောက်ဖြစ်တယ် ၊ တပ်တွင်း အတွင်းရေးကိစ္စတချို့နဲ့ တပ်တည် တပ်ရွေ့သတင်းတွေကို အကြမ်းဖက် အဖွဲ့တွေဆီ ပေးပို့ပေါက်ကြားတာကြောင့် ဖမ်းဆီးလိုက်တာပါ “လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူ ဦးကျော်ဌေးဝင်းဟာ မြဝတီရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ်အဆင့်နဲ့အငြိမ်းစားယူပြီးနောက် လှိုင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပါတီဝင်အဖြစ် လုပ်ကိုင်နေသူတဦးလည်းဖြစ်တယ်လို့ အဲ့ဒီလမ်းမှာ နေထိုင်သူတွေဆီက သိရပါတယ်။
 
ဒါ့အပြင် လှိုင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ သုခလမ်းမှာနေထိုင်တဲ့ ကိုဟန်နောင်ဖြိုးနဲ့ မနှင်းဖြူအေးတို့ လင်မယားနှစ်ဦးကိုလည်း မနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတွေက မနေ့မနက်ပိုင်းက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ ဒုအရာခံဗိုလ်အငြိမ်းစားတဦးနဲ့ လူငယ်နှစ်ဦးတို့ဟာ ၎င်းတို့အသုံးပြုနေတဲ့ လူမှုကွန်ရက်စာမျက်နှာမှာNUG၊CRPH ထောက်ခံအားပေးကြောင်းရေးသားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ််တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။
 
လက်တလောမှာ ဖမ်းဆီးခံရသူ ဦးကျော်ဌေးဝင်း၊ကိုဟန်နောင်ဖြိုးနဲ့ မနှင်းဖြူအေးတို့ကို လှိုင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအချို့ကလည်း လူမှုကွန်ရက်စာမျက်မှာ NUG ၊CRPH ထောက်ခံကြောင်းရေးသားသူအချို့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အပြင် နေအိမ်အချို့လည်း ချိတ်ပိတ်ခံခဲ့ရတာတွေလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လှိုင် #ဒုအရာခံဗိုလ်အငြိမ်းစား #လူငယ်နှစ်ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW