မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ တရားမဝင် သစ်တွေ သယ်လာတဲ့ ကား ၁၁ စီး နဲ့ လူ ၁၆ ယောက် အဖမ်းခံရ

မတ် ၊ ၁၂ -၂၀၂၂
SP(VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဂွေချောင်းကျေးရွာအနီး မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းမှာ မနေ့ မတ် ၁၁ ရက် ညနေပိုင်းမှာ သစ်ခွဲသားဆိုက်စုံကို တရားမဝင် သယ်ဆောင်လာတဲ့ ကား ၁၁ စီးကို နယ်မြေခံ သစ်တောဘိနယ်အဖွဲနဲ့ လမ်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သစ်တောအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” သစ်တန်ချိန် ခန့်မှန်း တန် ၃၀ ကျော်မယ် ၊ မြေပြင်တိုင်းတာတော့ မလုပ်ရသေးဘူး ၊ကား ၁၁ စီးနဲ့ လူ ၁၆ က သယ်ဆောင်လာတာဖြစ်တယ် “လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့နှစ် မတ်လစကလို့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် အကြားမှာရှိတဲ့ အာဆီယံ ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင် အလောင်းတော်ကဿပ အမျိုးသား သစ်တောဥယျာဥ် နဲ့ ပုထိုးလုံး သစ်တောကြိုးဝိုင်း ဘက်မှာ တာဝန်ကျနေတဲ့ သစ်တောရေးရာ ဝန်ထမ်းတွေဌာနတွေမှာ နိုင်ငံရေးအခြေအနေတွေကြောင့် သစ်တောဝန်ထမ်းတွေ မရှိသလောက်ဖြစ်ခဲ့ရပါတယ်။
 
မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ သစ်သယ်ယူရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ မုံရွာ အခြေစိုက် သစ်လေလံ လုပ်ငန်းရှင်တဦးက” ကွမ်းပင်ရေ ၊ ယာကြီ ၊ သင်းကန် ၊ ချောင်းမ စတဲ့ သစ်တော ကင်းစခန်းတွေရှိတယ် ၊ အဲ့ဒီ သစ်တောကင်းစခန်းတွေ ပျက်နေတာ တနှစ်ရှိတော့မယ် ၊ ကျွန်တော်တို့ လေလံအောင်ထားတဲ့ ဖမ်းဆီး ပုံစံသစ်တွေ သွားသယ်ရင် ၊ တရားမဝင်ဘူး ဆိုပြီး သစ်ရော ကားပါး မီးရှို့တယ် ၊ ကားသမား တချို့လည်း သတ်ခံရတယ် “လို့ ပြောပါတယ်။
 
အလောင်းတော်ကဿပ အမျိုးသားသစ်တောဥယျာဥ်နယ်ထဲမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သစ်မာမျိုးစုံ သက်တမ်းရင့် အပင်တွေ အများအပြားရှိပေမယ့် အဲ့ဒီ သက်တမ်းရင့် အပင်ကြီးတွေကို ပြီးခဲ့တဲ့ နှစ်က လူအစုလိုက် အပြုံလိုက် ဝင်ရောက် ခုတ်လှဲ ထုတ်ယူကြတဲ့အတွက် အခုဆိုရင် အလောင်းတော်ကဿပ အမျိုးသား သစ်တော ဥယျာဥ်ထဲက သက်တမ်းရင့် သစ်ပင်ကြီးတွေ ကုန်သလောက် နီးပါးဖြစ်နေပြီလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင် #တရားမဝင်သစ် #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW