ယူကရိန်းစစ်ပွဲ နောက်ဆုံးအခြေအနေ

– ပိုလန်နိုင်ငံနယ်စပ်အနီး ယူကရိန်း ရာဗိုရစ်ဗ် Yavoriv ငြိမ်းချမ်းမှုထိန်းသိမ်းရေး နှင့် လုံခြုံရေးဗဟို ကို ရုရှားက မစ်ဇိုင်း ဒုံးကျည် အလုံး၃၀ ပစ်ခတ်လို့ အနည်းဆုံး ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်။
 
– ယူကရိန်းနဲ့ ပိုလန်နယ်စပ်၊ ပိုလန်နဲ့ ၁၀ ကီလိုမီတာ ( ၆.၂ မိုင်) အကွာမှာရှိတဲ့ ရာဗိုရစ်ဗ် စစ်စခန်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ယူကရိန်းစစ်တပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ နဲ့ သင်တန်းတွေ ပို့ချပါတယ်။
 
– ရုရှားတို့က ယူကရိန်း အနောက်ဖက်ခြမ်းက Ivano-Frankivsk မြို့ အနီးက လေဆိပ်ကိုလည်း ပစ်ခတ်တိုက်ခိုက်ပါတယ်။
 
– ကီယက်ဗ် မြို့ အနီး အယ်ရ်ပင်မြို့မှာ အမေရိကန်နိုင်ငံသား သတင်းထောက် Brent Renaud အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ပထမဦးဆုံးအကြီမ် နိုင်ငံခြားသားသတင်းထောက် စစ်ပွဲမှာ သေဆုံးတာပါ။ ယူကရိန်းကင်မရာ သတင်းထောက်တစ်ဦး ရုပ်မြင်သံကြားအသံလွှင့်တာဝါ တိုက်ခိုက်ခံရစဥ်က သေဆုံးသွားပါတယ်။
 
– ယူကရိန်းစစ်ပွဲရပ်‌ရေးဆွေးနွေးပွဲ အခြေအနေတိုးတက်မှု ရှိလာပြီလို့ ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။
 
– ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ စစ်သည် ၁၃၀၀ ရှိပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးကပြောပါတယ်။
 
– ရုရှားလက်ထဲကျလုဖြစ်နေတဲ့ ပိတ်ဆို့ခံနေရတဲ့ ယူကရိန်း အရှေ့ဘက်ခြမ်းက မာရီအာပိုလ်မြို့မှာ ရေ မီး ပြတ်လတ်နေရုံသာမက ရိက္ခာလည်း ပြတ်နေပါတယ်။ နေ့ရောညပါ ရုရှားက ရော့ကက်လောင်ချာ တွေ နဲ့ ပစ်ခတ်နေပြီး မြို့ရဲ့ လမ်းတွေပေါ်မှာ အလောင်းတွေ ပျံ့ကြဲနေတယ်လို့ မြို့ကထွက်ပြေးလာသူတွေကပြောပါတယ်၊ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၁၀၀ ကျော် ရှိတယ်လို့ မြို့အာဏာပိုင်တွေကပြောပါတယ်။
 
– ယူကရိန်းတောင်ပိုင်းမြို့ Dniprorudne က မြို့တော်ဝန်ကို ရုရှားတပ်ဖွဲ့ဝင်တွေက ပြန်ပေးဆွဲသွားပါတယ်။ ဒါဟာဒုတိယမြောက် မြို့တော်ဝန် ပြန်ပေးဆွဲခံရတာပါ၊ လွန်ခဲ့တဲ့ ၃ ရက်က Melitopol က မြို့တော်ဝန်ကို ရုရှားတပ်တွေက ဖမ်းဆီးသွားပါတယ်၊ မယ်လီတိုပို မြို့တော်ဝန်နေရာမှာ မြို့တော်ဝန်အသစ်ကို အစားထိုးခန့်လိုက်ပြီလို့ ရုရှားကဆိုပါတယ်။
 
– ယူကရိန်း အရှေ့ပိုင်း ဒွန်နက်စ် Donetsk ဒေသတွင်းက အရပ်သားတွေကို ကယ်ထုတ်ဖို့ သွားနေတဲ့ ခရီးသည်တင် ရထားကို ရုရှားတပ်တွေက တိုက်ခိုက်လို့ ရထားတွဲစောင့် သေဆုံးသွားပါတယ်။
 
– မြို့တော်ကီယက်ဗ်ကို ရုရှားက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။ မြို့တော်ရဲ့ မြောက်ဘက်မှာ တိုက်ပွဲတွေ အားကောင်းနေပြီး ရုရှားတပ်တွေကလည်းမြို့နဲ့ မလှမ်းမကမ်းမှာ ‌ရောက်နေပါတယ်။
 
– မြို့အသီးသီးမှာ ပိတ်မိနေတဲ့ သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ တင်လာတဲ့ ယာဥ်တွေ နဲ့ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ ဘတ်စ်ကားတန်းကြီး မာရီအာပိုလ် မြို့ဆီ တနင်္ဂနွေနေ့ ရောက်မယ်လို့ ခန့်မှန်းပါတယ်။
 
– ရုရှားသမ္မတ ဘလာဒီမီယာ ပူတင် က စစ်ကိုရပ်လိုတဲ့ ဆန္ဒမရှိဘူးလို့ ပြင်သစ်၊ ဂျာမန် နဲ့ ရုရှား သမ္မတ သုံးဦးတို့ရဲ့ ၇၅ မိနစ်ကြာ သုံးပွင့်ဆိုင် တယ်လီဖုန်း စကားပြောပြီးနောက် ပြင်သစ်သမ္မတ မက်ခရောင်းကမှတ်ချက်ချပါတယ်။
 
– ရုရှားက တိုက်မယ်လို့ မျှော်လင့်မထားတဲ့ Dnipro ဒနိပရို မြို့ သောကြာနေ့က အကြီးအကျယ် တိုက်ခိုက်ခံရတယ်။ လက်နက်ကြီးကျလို့ ပျက်စီးသွားတဲ့ ဖိနပ်စက်ရုံက ညစောင့်ဝန်ထမ်းဗုံးထိသေဆုံးသွားပါတယ်။ သူဟာအလုပ်ကပင်စင်ယူပြီးနောက် ဝင်ငွေအပိုဆောင်းလေးရဖို့ စက်ရုံမှာ ညစောင့် အလုပ်လာလုပ်နေတာလို့သိရပါတယ်။
 
– သောကြာနေ့က ရုရှားဗိုလ်ချုပ်နောက်တစ်ဦး တိုက်ပွဲမှာ ကျသွားပါတယ်။ ရုရှားအ‌ရှေ့တိုင်းစစ်ဌာနချုပ်က 29th Army ရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် Andrei Kolesnikov ဟာ ယူကရိန်းစစ်ပွဲအတွင်းကျဆုံးတဲ့ တတိယမြောက်တပ်မှူးကြီးဖြစ်ပါတယ်။
 
– စနေနေ့က မာရီအာပိုလ်က ဗလီကျောင်းကို ရုရှားဘက်က ဗုံးကြဲတိုက်ခိုက်ပါတယ်၊ ကျောင်းထဲမှာ တူရကီ နိုင်ငံသားတွေအပါအဝင် ကလေးလူကြီး ၈၀ ကျော် ဗုံးရှောင်ပြီးခိုလှုံနေပါတယ်။ အသေအပျောက်စာရင်းတော့မသိရသေးပါ။
 
– ယူကရိန်းဒုက္ခသည်တွေကို မိမိတို့နေအိမ်မှာ ခေါ်ထားပြီး စောင့်ရှောက်ပေးသူတွေကို ဗြိတိန်အစိုးရက တလ စတာလင်ပေါင် ၃၅၀ ( အမေရိကန် ဒေါ်လာ ၄၅၆) ထောက်ပံ့မယ်၊ အနည်းဆုံး၆ လ ပေးနေရမယ်။
 
– အမေရိကန်သမ္မတ ဂျိုဘာဒင်က ယူကရိန်းကို နောက်ထပ် အမေရိကန် ဒေါ်လာ သန်း၂၀၀ ဖိုး စစ်လက်နက်ပစ္စည်းအကူအညီပေးမယ်လို့ ကြေညာတယ်။
 
– ရုရှားက တရုတ်နိုင်ငံဆီက စစ်လက်နက်ပစ္စည်း နဲ့ စီးပွားရေးအကူအညီတောင်းတယ်လို့ အမေရိကန်က ယုံကြည်နေတယ်လို့ သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဒီအကြောင်းကို တခါမှ မကြားဘူး ဘူးလို့ငြင်းပါတယ်။
 
– ယူကရိန်းက ကင်ဆာရောဂါသည် ကလေး ၂၁ ယောက် ဗြိတိန်မှာ ဆေးကုသဖို့ တနင်္ဂနွေနေ့က လန်ဒန်ကိုရောက်လာပါပြီ။
 
စစ်ရေးသုံးသပ်ချက်
 
ယူကရိန်း စစ်ပွဲဟာ ၁၈ ရက် ကြာလာပေမယ့် အခုအချိန်အထိ မြို့တော် ကီယက်ဗ် ကို ရုရှားက မသိမ်းနိုင်သေးပါဘူး၊ မြို့တော်ကို အနိုင်မတိုက်နိုင်ရင် စစ်နိုင်တယ်လို့ ပြောလို့ မရတဲ့ အတွက် ပူတင်က ကီယက်ဗ်ကို မီးကုန် ယမ်းကုန် တိုက်လိမ့်မယ်လို့ စစ်ရေးအကဲခတ်တွေကခန့်မှန်းပါတယ်။ ဒါပေမဲ့ စစ်နည်းဗျူဟာ ကောင်းပြီး တိုက်ခိုက်ရေး စွမ်းရည်လည်း ရုရှားထက်သာ တဲ့ ယူကရိန်းတပ်တွေက မြို့တော်ကို အသေခံ ခုခံဖို့ပြင်နေပါတယ်။
 
ယူကရိန်းစစ်ပွဲ သီတင်း ၃ ပတ် နီးပါ ကြာနေပြီဖြစ်ပေမယ့်လည်း ရုရှားက မြို့ငယ်လေး တစ်ခု နှစ်ခု သာ သိမ်းနိုင်ပြီး၊ ရုရှား တပ်မှူးကြီး ၃ ဦးအပါအဝင် စစ်သားထောင်ချီဆုံးရှုံးနေတာကြောင့် ယူကရိန်းစစ်ပွဲက သမ္မတပူတင် ထင်တာထက်ပိုပြီးပေးဆပ်နေရပါတယ်။ ယူကရိန်းစစ်ဆင်ရေး ဗျူဟာရေးဆွဲတဲ့ သူတွေအထဲက အဓိကပုဂ္ဂိုလ် တစ်ဦး နဲ့ သူ့လက်ထောက်ကို ပူတင်က ဖမ်းပြီး အကျယ်ချုပ်ချထားပါတယ်။ ထောက်လှမ်းရေးအဖွဲ့ FSB ( ယခင်အမည်ဆိုးနဲ့ ကျော်ကြားတဲ့ KGB) ရဲ့ ပြည်ပနိုင်ငံများထောက်လှမ်းရေးဌာန အကြီးအကဲ ဆာဂေး ဘစီဒါး နဲ့ ဒုတိယ အကြီးအကဲ Bolukh တို့ကို အကျယ်ချုပ်နဲ့ဖမ်းထားတယ်လို့ The Center for European Policy Analysis (CEPA) ဥရောပမူဝါဒရေးရာပိုင်းခြားစိတ်ဖြာလေ့လာရေးအဖွဲ့ဝင်၊ ရုရှားထောက်လှမ်းရေးအကြောင်း အထူးပြုလေ့လာနေသူက ပြောပါတယ်။ FSB နဲ့ နီးစပ်သူတွေဆီက နေသိရတာဖြစ်ပြီး ဒီသတင်းက ခိုင်လုံတယ်လို့ ဆိုပါတယ်။ FSB ရဲ့ 5th Service ဌာန က ယူကရိန်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးလုပ်ငန်းတွေ တာဝန်ယူရတဲ့ ဌာနပါ။ ဒီဌာနရဲ့ အကြီးအကဲကို ဖမ်းလိုက်ပြီဆိုကထဲက ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ပူတင် အားမလိုအားအရ ဖြစ်နေတယ်ဆိုတာထင်ရှားပါတယ်။
 
FSB 5th Service က ယူကရိန်းကို သိမ်းပိုက်ပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးတဲ့အခါမှာ အပျောက်ရှင်းပစ်ရမယ့်သူတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေဆီပို့ ရမယ့် သူတွေရဲ့ အမည်စာရင်း ရေးဆွဲထားတယ်လို့ ဒီနှစ် ဖေဖော်ဝါရီလတုန်းက အမေရိကန်က ထုတ်ပြောလာပါတယ်။ သူတို့ရတဲ့ သတင်းတွေအရ ယူကရိန်းကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ရုရှားကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို သေစေနိုင်တဲ့ နည်းနဲ့ လူစုခွဲဖို့လည်း စီစဥ်နေတယ်လို့ အမေရိကန်ကပြောပါတယ်။ အခု FSB 5th Service က အကြီးအကဲကို ဖမ်းထားတယ်ဆိုတော့ ရုရှားထောက်လှမ်းရေးအဖွဲ့မှာ ပြသနာတွေရှိတယ်ဆိုတာပေါ်လွင်ပါတယ်။
 
ဒီရက်ပိုင်းမှာ ကီယက်ဗ်ကို တိုက်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောနေတဲ့ ကြားကပဲ ကီယက်ဗ်မြို့ပြင်မှာရပ်ထားတဲ့ မိုင် ၄၀ ရှည်တဲ့ တင့်ကားအပါအဝင် စစ်ယာဥ်တန်းကြီးကို အရင်ကလို တစုတစည်း ထဲမတွေ့ရတော့ပါဘူး။ ယာဥ်တန်းကြီး အရပ် ၈ မျက်နှာကို ဖြန့်ထွက်သွားတဲ့ လက္ခဏာကို တချို့က မြို့တော်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာလို့ ယူဆကြသလို တချို့ကလည်း မြို့တော်ဆီ ဆက်သွားဖို့ ရုရှားတွေမှာ လောင်စာဆီ အလုံအလောက်မရှိလို့ မြို့တော်ကို စစ်ကြောင်းထိုးဖို့ မလွယ်ဘူးလို့ နေတိုး ဒု အတွင်းရေးမှူးချုပ် ဟောင်း Rose Gottemoeller က ယူဆပါတယ်။
 
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်ထဲမှာ ရုရှားရေတပ်က ယူကရိန်းနိုင်ငံထဲက ပစ်မှတ်တွေကို မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်နေဆဲဖြစ်သလို ယူကရိန်း ရေကြောင်း ကုန်သွယ်ရေး ကို ပိတ်ပင်တားမြစ်ဖို့ ရည်ရွယ်ချက်နဲ့ ယူကရိန်း ပင်လယ်နက်ကမ်းရိုးတန်းကို ရုရှားရေတပ်က ပိတ်ဆို့လိုက်ပါတယ်။
ရုရျားက ချက်နီယား မြို့တော် ဂရော့ဇနီ၊ ဆီးရီးယားရဲ့ ဒုတိယမြို့တော် အလက်ပို ကို သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် တမြို့လုံးပြာကျ‌အောင် ဗုံးကြဲတိုက်ခိုက်သွားပြီး သိမ်းပိုက်လိုက်တာကို တွေ့နိုင်ပါတယ်။
အ‌ရှေ့အလယ်ပိုင်းဒေသက ကြေးစားတပ်သား ၁၆၀၀၀ ကယူကရိန်းစစ်မှာရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ အဆင်သင့်ပဲလို့ ရုရှားက ပြောထားတော့ မြို့ပေါ် တိုက်ပွဲမှာ အတွေ့အကြုံများတဲ့ ဆီရီယားကြေးစားတပ်သားတွေကို သုံးပြီး ကီယက်ဗ်ကို တိုက်နိုင်ပါတယ်။ သူတို့တတွေဟာ အစွန်းရောက်အုပ်စုတွေဖြစ်ပြီး သူတို့ပါတဲ့ ဆီးရီးယားစစ်ပွဲဟာ စစ်ပွဲတွေထဲမှာ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဖြစ်တယ်လို့ Rose Gottemoeller က ပြောပါတယ်။ ဒီကနေ့ ပဲ ရုရှားလေယာဥ် TU-154 က ဆီးရီးယားမြို့တော် ဒမတ်စကတ်စ် Damascus ဆီထွက်သွားပြီ ဆိုတော့ ပူတင်က စိတ်ဓါတ်ကျဆင်းနေတဲ့ ရုရှားစစ်သားတွေ အစား ကီယက်ဗ် မြို့သိမ်းတိုက်ပွဲမှာ သုံးဖို့ ဆီးရီးယား ကြေးစားစစ်သား ဘယ်နှစ်ဦးလိုက်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
ဘီဘီစီမြန်မာပိုင်းဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှားယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW