ယူကရိန်းစစ်ပွဲ ၁၉ – ၂၀ ရက်မြောက်

– မြို့တော်ကီယက်ဗ်က လူနေတိုက်ခန်းတွေ နဲ့ မြေအောက်ဘူတာတစ်ခု ကို ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ သေဆုံးသူတွေရှိပေမယ့် ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။ ကီယက်ဗ်မှာ နှစ်ရက် ညမထွက်ရ ကာဖြူးအမိန့် ( ညနေ၆နာရီ – နံနက်၅နာရီ) ထုတ်ထားပါတယ်။
 
– အင်္ဂါနေ့မှာ ကီယက်ဗ်က အရပ်သားတွေလိုက်ပါလာတဲ့ ကားအစီးရေ ၂၀၀၀ နီးပါး မြို့ကနေ ဘေးလွတ်ရာဆီကို ထွက်ခွာနိုင်ပါတယ်။
 
– ကီယက်ဗ် မြို့တော်ဝန်က ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ကာလကိုဖြတ်သန်းနေကြ ရတယ်လို့ သတိပေးလိုက်ပါတယ်။
 
– ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေအကြား အပစ်ရပ်ရေးကိုဆွေးနွေးပွဲ မနက်ဖြန်မှာ ဆက်ဆွေး‌နွေးမယ်လို့ သိရပါတယ်။
 
– ရုရှားက သိမ်းပိုက်ထားတဲ့ ကါဇွန်၊ မာလီတီပို၊ Berdyansk ဘာဒီယန်စခါ မြို့တွေမှာ ရုရှားဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။
 
– ရုရှားက ကာဇွန်မြို့မှာ ဆန္ဒခံယူပွဲလုပ်ပြီး ယူကရိန်းရဲ့ ခွဲထွက်ပြည်နယ် အဖြစ်သတ်မှတ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြို့နေလူထုက ရုရှားဆန့်ကျင်ရေး မြို့လုံးကျွတ် ဆန္ဒပြပွဲတွေ နေ့စဥ် လုပ်နေပါတယ်။
 
– မာရီအာပိုလ်မြို့က ဆေးရုံတစ်ခုမှာ ဆရာဝန်၊ လူနာအပါအဝင် လူ၄၀၀ ကို ဓါးဆာခံအဖြစ် ဖမ်းထားတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။
 
– အီးယူက ရုရှားကို နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက် ပါတယ် ။
 
– တနင်္လာနေ့က ရုရှားနိုင်ငံတော်ပိုင်ရုပ်သံသတင်း တင်ဆက်နေတုန်း သတင်းဖတ်နေသူရဲ့ နောက်ကျောကနေ စစ်ပွဲအလိုမရှိလို့ရေးထားတဲ့ စာတန်းထောင်ပြလိုက်တဲ့ ရုရှား သတင်းထောက် Marina Ovsyannikova ကို ဒီကနေ့တရားရုံးက ဒဏ်ငွေရိုက်လိုက်ပါတယ်၊ လူအများကတော့ မကြာမီက ထုတ်ပြန်လိုက်တဲ့ ရုရှားအစိုးရက မဟုတ်မမှန်သတင်း လို့ သတ်မှတ်တဲ့ သတင်းတွေထုတ်ရင် ထောင်ဒဏ်၁၅ နှစ်အထိ အပစ်ပေးနိုင်တဲ့ ဥပဒေနဲ့ မာရီယာ ကို နောက်ထပ် အရေးယူနိုင်တယ်လို့ ယူဆပါတယ်။
 
– အမေရိကန်က ရုရှားအပေါ်ချမှတ်တဲ့ ပိတ်ဆို့ အရေးယူမှု ကို တန်ပြန်တဲ့ သဘောနဲ့ သမ္မတ ဂျိုးဘာဒင် အပါအဝင် အမေရိကန် အရာရှိ ၁၃ ဦးကို ရုရှားနိုင်ငံဆီလာရောက်ခွင့် ပိတ်တယ်လို့ ရုရှားကကြေညာပါတယ်။
 
– လာမယ့် ၂၄ နာရီအတွင်း အမေရိကန် က ထောက်ပံ့တဲ့ လက်နက်တွေ ယူကရိန်းဆီ ရောက်လာ မယ်လို့ ပန်တဂွန်က ပြောပါတယ်။
 
– ယူကရိန်းနိုင်ငံကနေ ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ယူကရိန်းနိုင်ငံသား ၃ သန်းရှိသွားပြီလို့ ကုလကပြောပါတယ်။
 
– Fox News အမေရိကန်အခြေစိုက် သတင်းဌာနက ဓါတ်ပုံသတင်းထောက် Pierre Zakrzewski နဲ့ ယူကရိန်းသတင်းထောက် Oleksandra Kuvshynova တို့နှစ်ဦး ကီယက်ဗ်မှာ သတင်းယူနေတုန်း သူတို့လိုက်ပါလာတဲ့ မော်တော်ကား ကျည်မှန်ပြီး သေဆုံးသွားပါတယ်။
 
စစ်ရေးသုံးသပ်ချက်
 
ရုရှားက ယူကရိန်းကို ဝင်သိမ်းဖို့ ခြေလှမ်းတွေ ပြင်နေတယ်ဆိုတဲ့ သတင်းကို ဖေဖော်ဝါရီလထဲမှာ အမေရိကန်က ကမ္ဘာကို သတိပေးလိုက်တဲ့ အချိန်မှာ ရုရှား ရဲ့ စစ်ဗျူဟာကိုပါ အမေရိကန်က ကြိုတင်သတင်းရထားပါတယ်။ ရုရှား ရည်ရွယ်တာက ယူကရိန်းရဲ့ အကောင်းဆုံးစစ်တပ်တွေကို ပိတ်ဆို့ ထားပြီး မြို့တော်ကို ဝင်သိမ်းဖို့ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်ရေးအားကောင်း တဲ့တပ်တွေက ယူကရိန်းအ‌ရှေ့ခြမ်းက သီးခြားခွဲထွက်ရေးသမားတွေကို နှိမ်နင်းဖို့ အရှေ့ခြမ်းမှာ တပ်စွဲနေပါတယ်။ အခုဒီ‌လက်ရွေးတပ်တွေကို မြို့တော် ကီယက်ဗ်ဆီ ရွှေ့ဖို့ အခက်အခဲရှိနေပါတယ်။ ရုရှားကလည်း ဒီယူကရိန်း လက်ရွေးစင် တပ်တွေ နေရာကမထွက်နိုင်အောင်ပိတ်ဆို့ ထားပါတယ်။
 
ရုရှားတပ်တွေက ကီယက်ဗ် နဲ့ ဆူမီ ဒေသမှာ နကိုမူလအတိုင်းရှိနေပြီး ရှေ့တိုးချီတက်လာတာမတွေ့ရဘူးလို့ ပန်တဂွန် စစ်ဌာနက ပြောပါတယ်။ ဒွန်ဘာ့စ် ဒေသမှာတော့ ကြိုးကြား တိုက်ပွဲတွေ ဖြစ်နေပြီး ရုရှား ထောက်ပို့လမ်းကြောင်းတွေ ကို ယူကရိန်းတပ်တွေက ထိထိရောက်ရောက် ‌နှောက်ယှက်ဖျက်စီးနိုင်ပါတယ်။ ကီယက်ဗ် မြို့ဆီ ရုရှားမြေပြင်တပ် တွေဆက်တက်မလာသေးပေမယ့် ကီယက်ဗ်အပါအဝင် မြို့တွေကို လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်နေပါတယ်။
 
ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ ကာခိဗ် နဲ့ ပင်လယ်နက် အနီးက မီကိုလာဗ် မြို့တွေမှာ ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်နေပါတယ်။ ကာခိဗ် ကိုဝိုင်းဖို့ကြိုးစားနေတဲ့ ရုရှားတပ်တွေက လက်နက်ခဲယမ်းပြတ်လတ်မှုနဲ့ကြုံနေရတယ်လို့ ISW Institute for the Study of War ကဆိုပါတယ်။
 
ဒါပေမဲ့ မြောက်ပိုင်းက ချယ်နီဟီဗ် နဲ့ အရှေ့တောင်ပိုင်းက မာရီအာပိုလ် မြို့တွေ ကိုတော့ ရုရှားတပ်တွေက ဝိုင်းထားပါတယ်။
 
စောစောပိုင်းက ရုရှားက တရုတ်ဆီက စစ်ရေးအကူအညီတောင်းတယ်လို့ သတင်းတွေထွက်လာ တဲ့အခါမှာ တရုတ်ဘက်က ဒီသတင်းတွေက သတင်းမှားတွေပါလို့ ခါးခါးသီးသီ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အီတလီနိုင်ငံ ရောမမြို့မှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ဂျိတ် ဆလဗင် နဲ့ တရုတ် အမျိုးသားလုံခြုံရေး အရာရှိ Yang Jiechi တို့ ၇ နာရီကြာဆွေးနွေး ခဲ့ပြီးတဲ့ နောက်မှာ တရုတ်က ရုရှားကို စီးပွားရေး နဲ့ ငွေကြေးအကူအညီတွေ ပေးဖို့ ဆုံးဖြတ်ထားတဲ့အပြင် မောင်းသူမဲ့ ဒရုန်းတွေလိုမျိုး စစ်ပစ္စည်းတွေပေးဖို့လည်းစဥ်းစားနေတယ်ဆိုတာကို အမေရိကန်ကသိလာရပါတယ်။ ယူကရိန်းစစ်ပွဲဟာ စိုးရိမ်စရာကောင်းအောင် ကျယ်ပြန့်လာနိုင်တာမို့ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ တရုတ်ကိုယ်စားလှယ်ကို အမေရိကန်က ရှင်းပြပေမယ့် တရုတ်က လက်ခံချင်ပုံမရဘဲ ရုရှားကို စီးပွားရေးအကူအညီပေးဖို့ ဆုံးဖြတ်ထားတာကို မြင်ခဲ့ရတယ်လို့ အမေရိကန်က ပြောပါတယ်။ ရုရှားက တရုတ်ကို တောင်းတဲ့ အကူအညီတွေအထဲမှာ မောင်းသူမဲ့ စစ်သုံးဒရုန်းတွေ နဲ့ လက်နက်ခဲယမ်းတွေ လည်းပါပါတယ်၊ ဒါပေမဲ့ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံ သုံးတဲ့ စံနစ်ချင်းက မတူတဲ့အတွက် လက်နက်အကူအညီပေးဖို့ အခက်အခဲရှိပါတယ်။
 
ရုရှားကို အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူထားတာကြောင့် ရုရှားက ရွှေနဲ့ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံ ကို ထုတ်သုံးလို့မရပါဘူး။ အရန်ငွေထဲမှာ တရုတ်ယွမ်ငွေနဲ့ ထားတဲ့ ငွေကိုတော့ တရုတ်ကကူညီချင်တယ်ဆိုရင်ကူညီနိုင်ပါတယ်။ ရုရှားအစိုးရတင်နေတဲ့ အကြွေးတွေအပေါ် အတိုးဆပ်စရာတွေရှိနေလို့ ရုရှားက ငွေကြေးအကူအညီ အရေးတကြီးလို နေပါတယ်။ တကယ်လို့ သာ တရုတ်က ရုရှားဘက်ကနေ မားမားရပ်မယ်ဆိုရင် တရုတ်နဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ ဥရောပနိုင်ငံတွေကို အမေရိကန်ကတိုက်တွန်းမယ်လို့ ယူဆရပါတယ်။
 
တရုတ်နိုင်ငံအကြောင်း အထူးပြုလေ့လာနေတဲ့ လန်ဒန်တက္ကသိုလ်က ပါမောက္ခ ကယ်ရီဘရောင်းကတော့ ပူတင်ဆီက နျူကလီးယားလက်နက် နဲ့ ခြိမ်းခြောက်တဲ့ လေသံထွက်လာတာကို တခြားနိုင်ငံတွေနည်းတူ တရုတ်ကလည်း စိုးရိမ်ထိတ်လန့်မှာပဲလို့ ဆိုပါတယ်။ တရုတ် နဲ့ ရုရှား အကြားမှာနွေးထွေးတဲ့ ဆက်ဆံရေး ရှိတာမှန်ပေမယ့်လည်း ယူကရိန်းအရေးမှာ သံတမန်နည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာဖို့ တရုတ်က ရုရှားကို တိုက်တွန်းမလားလို့မေးရင် လောလောဆယ်မှာ တိုက်တွန်းမယ်လို့ မထင်ဘူးလို့ ကယ်ရီဘရောင်းက သုံးသပ်ပါတယ်။ ဒါပေမဲ့ တရုတ်က အခွင့်အရေးသမားဆိုတော့ သမ္မတ ရှီချင်းပင် က အခြေအနေ တည်ငြိမ်အောင် ကြားဝင်စေ့စပ်ပေးနိုင်ရင် ကမ္ဘာ့အလယ်မှာ တရုတ်ပုံရိပ်မြင့်တက်လာနိုင်သလို ပြည်တွင်းမှာလည်း သမ္မတရှီကို ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ မြင်လာနိုင်ပါတယ်။အဲဒါကြောင့် တရုတ်က သူ့အတွက်အကျိုးရှိမယ်ဆိုရင် မလုပ်ဘူးလို့တော့ တထစ်ချမပြောနိုင်ဘူးလို့ ကယ်ရီဘရောင်းက မှတ်ချက်ချပါတယ်။
 
ဘီဘီစီမြန်မာပိုင်းဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေစုစည်းတင်ပြသည်။
 
photos (BBC) ကီယက်ဗ်မြို့တော်အခြေအနေ
 
#voiceofmyanmar #VOM #ရုရှားယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW