မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲနေတဲ့အပြင် လူဦးရေ ထပ်တိုးလာ

မတ် ၁၈၊ ၂၀၂ဝ
Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲလာတဲ့အပြင် လူဦးရေပါ ထပ်တိုးလာတယ်လို့ စစ်ရှောင်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကုန်ပိုင်းက ရှောင်တိမ်းလာခဲ့ကြပေမယ့် အချို့က စစ်ရှောင်စခန်းဘက် လာရောက်ရှောင်တိမ်း ခိုလှုံတာမဟုတ်ဘဲ အချိန်ခဏတာ ကြာမယ်လို့ထင်ကာ အသိဆွေမျိုးအိမ်တွေနဲ့ နေအိမ်တွေ ငှားရမ်းနေထိုင်ကြပြီး အချိန်ကြာလာတာနဲ့အမျှ ပိုခက်ခဲလာတာကြောင့် စစ်ရှောင်စခန်းဘက်ကို ပြန်လည် ခိုလှုံလာကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေကို ကူညီပေးနေသူ ဒေသခံ ၁ ဦးက ပြောပါတယ်။

“အစောကတည်းကတော့ ရှောင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ရှာဖွေစားသောက်ရတာ အဆင်မပြေလာကြလို့ စစ်ရှောင်စခန်းမှာ လူဦးရေစာရင်းတိုးလာတယ်။ အိမ်ခြေ အားလုံး ၁၇၀ ဝန်းကျင်လောက် ပြောင်းလာတယ်။ လူဦးရေ ၇၀၀ ကျော်သွားပြီ။”လို့ သူက ‌ရှင်းပြပါတယ်။

လူဦးရေတွေ ထပ်တိုးလာပေမယ့် အရင်ကလို သီးသန့် အနေနဲ့ ‌လာရောက်ထောက်ပံ့လှူဒါန်းပေးတဲ့ အဖွဲ့အစည်း ငယ်တွေ၊ မိသားစုတွေလည်း မရှိတော့တာကြောင့် ပိုမို ခက်ခဲလာကြတာလို့လည်း ပြောပါတယ်။

လက်ရှိလို ပွင့်လင်းရာသီမှာတောင် စားနပ်ရိက္ခာတွေ ခက်ခဲနေပြီဖြစ်တဲ့အတွက် မိုးရာသီကာလမှာ အခြေအနေ ပိုဆိုးရွားလာမှာကို စိုးရိမ်နေကြရတယ်လို့ စစ်ရှောင် ပြည်သူ ၁ ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာက အခုတောင် အရမ်းခက်ခဲလာနေတာ။ မိုးရာသီချိန်လောက်ကျရင် တော်တော့်ကို ခက်ခဲလာတော့မှာမို့ စိုးရိမ်ကြောင့်ကြနေရတယ်။” လို့ သူက ပြောပါတယ်။

ဒေသရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ကြံတွေကိုလည်း တရုတ်ဘက်က ဝယ်မယ့်လုပ်ငန်းရှင်တွေ နေ့ရွှေ့ညရွှေ့နဲ့ ရောင်းလို့ မရနိုင်တာကြောင့် ကြံပိုင်တဲ့ခြံရှင်တွေသာမက ကြံခင်းမလုပ်တဲ့ သူတွေပါ အလုပ်လက်မဲ့ ဖြစ်ရတဲ့အပြင် စစ်ရှောင်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာ ဖူလှုံအောင် ဖြေရှင်းနိုင်ဖို့ အလုပ်အကိုင်လည်း မျှော်လင့်ချက်မဲ့သွားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ကြံလည်း မခုတ်ရောင်းရဘူး။ အဲ့ဒါလည်း ရောင်းရဖို့ ကို နောက် တပတ်၊ နောက် တပတ်နဲ့ အရမ်းကြာလာပြီ။ နောက်နှစ်ထိ နောက်တပတ် ဖြစ်မယ့် ပုံပေါက်တယ်။ အဲဒါကြောင့် ကြံလည်း ခုတ်ရောင်းလို့ မရဘူး။ အဲ့ဒါတွေကြောင့် ဒေသခံတွေရဲ့ အခက်အခဲက အရမ်းများ နေပြီ။ ကြံစိုက်ထားတဲ့သူတွေ ခုတ်ရောင်းလို့ ရရင်တော့ မစိုက်တဲ့သူတွေလည်း အဲဒီမှာ နေ့စားလုပ်လို့ရတယ်။ ဒေသခံတွေက အဲဒီမှာ အလုပ်လုပ်လို့ ရတယ်။ အခုက လူတွေအားလုံးအတွက် အခက်အခဲ ဖြစ်နေပြီ။” လို့ သူက ရှင်းပြပါတယ်။

မုံးကိုးမြို့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် လကုန်ပိုင်းကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအချို့ တိုက်ပွဲရှောင်နေရတာဖြစ်ပြီး လက်ရှိ တိုက်ပွဲပြင်းထန်မှုမရှိတော့ပေမယ့် နှစ်ဘက် စစ်ရေးအခြေအနေ တင်းမာတာတွေ ရှိနေသေးတဲ့ အပြင် စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကြောင့် နေရပ်ပြန်လို့မရဘဲ အချိန်ကြာလာတာနဲ့အမျှ ကူညီ ထောက်ပံ့မှုနည်းလားပြီး စားနပ်ရိက္ခာ ပိုခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo – ဒေသခံ ၁ ဦး
#voiceofmyanmar #VOM #မုံးကိုး #စစိဘေးရှောင် #စားနပ်ရိက္ခာခက်ခဲ #လူဦးရေထပ်တိုး

Related posts

Leave a Comment

VOM News

FREE
VIEW