ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးနဲ့မိခင်ဖြစ်သူ ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

မတ်၂၀-၂၀၂၂
KK(VOM)

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးနဲ့ မိခင်ဖြစ်သူကို မနေ့ မတ်လ ၁၉ရက်က ဟင်္သာတအကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးကနေ ပုဒ်မ ၅၀၅ -က နဲ့ အလုပ်နဲ့ထောင်ဒဏ်၂ နှစ်စီချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသား ကိုထိုက်လင်းဦး နဲ့ ကိုထိုက်လင်းဦးရဲ့ မိခင်ဒေါ်သူဇာတင်ဦးတို့(၂)ဦးကို ပုဒ်မ ၅၀၅ -က နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ခံစားခွင့်မပေးဘူးလို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

“အမေဖြစ်သူကို လာဖမ်းတာမတွေ့လို့ သားကိုဖမ်းတယ်၊ အမေက သွားအဖမ်းခံတော့ သားဖြစ်သူ Fbမှာ တပ်နဲ့ပတ်သက်ပြီး ရေးထားတာတွေလို့ ထပ်ဖမ်းတာ၊ ချုပ်ရက်တွေကို ခံစားခွင့်မပေးဘူး”လို့ သူကပြောပါတယ်။

ဇလွန်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်က ဒေါ်သူဇာတင်ဦးကို နေအိမ်မှာ လာရောက်ဖမ်းဆီးချိန် မတွေ့တဲ့အတွက် သားဖြစ်သူကို ဖမ်းဆီးသွားပြီး မိခင်ဖြစ်သူက သွားအဖမ်းခံရာ သားဖြစ်သူရဲ့ ဖုန်းထဲမှာ fb ပေါ်ရေးသားထားတဲ့ postတွေကြောင့် ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း ဘားအံအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်က ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ကိုဟိန်းထက်ဝေယံကို ပုဒ်မ ၅၂-က ဖြင့် အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားဟောင်းတွေဖြစ်တဲ့ မြိတ်မြို့နယ်က ကိုသန်းဌေးဇော်နဲ့ ဘားအံမြို့နယ်က ကိုမင်းတင့်မွန်တို့နှစ်ဦးကိုလည်း ပြီးခဲ့တဲ့လတွေက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခဲ့ပါသေးတယ်။

လက်တလောအခြေအနေမှာ လေကြောင်းတက္ကသိုလ်ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ကိုကောင်းထက်သူ ဆိုသူလည်း မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ #ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးနဲ့မိခင်ဖြစ်သူ #ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW