တောင်ကြီး ပြည်တော်သာရပ်ကွက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုးသမီး(၃)ဦး သေဆုံး

မတ် ၂၁-၂၀၂၂
KK(VOM)

တောင်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ ၁၂၊ စံပယ်လမ်းမှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးသုံးဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သတိလစ်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ အမျိုးသမီးသုံးဦးလို့ကြားတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ပြည်နယ်ဦးစီးမှူးညွန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က” အမျိုးသမီး သုံးဦးသေတာ မှန်ပါတယ် သတိလစ်ပြီး မီးလောင်ဒဏ်ရာတွေရလို့ စပ်စံထွန်းဆေးရုံကို ပို့ပေးတယ်၊ ဒါပေမယ့် သေသွားတယ်”လို့ VOM ကို ပြောပါတယ်။

လက်တလောမှာ မီးလောင်တဲ့အကြောင်းရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းနေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဆယ်သိန်းဝန်းကျင်သာရှိတယ်လို့ သူကပြောပါတယ်။

အဲ့ဒီမီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၂စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၃စီး၊ ရေသယ်ယာဉ်၁စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၃စီး၊ ရေသယ်ယာဉ်၁စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက် ညပိုင်းကလည်း တောင်ကြီမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ညောင်ပင်သာလမ်း၊ နယ်မြေ ၁၂ မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #မီးလောင်မှု #အမျိုးသမီးသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW