မော်လမြိုင်ကျွန်းနဲ့ လပွတ္တာမြို့နယ်မှာ မြစ်ရေကြီးလာလို့ မုန်တိုင်းရှောင်သူ ထောင်နဲ့ချီရှိနေ

မတ် ၂၂-၂၀၂၂
KK(VOM)

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့လပွတ္တာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး မိုးသည်းထန်စွာရွာကာ လေပြင်းတိုက်လာပြီး မြစ်ရေတက်လာကြောင့် မုန်တိုင်းရှောင်သူတွေထောင်နဲ့ချီရှိနေတယ်လို့ ကူညီပေးသူတွေကနေ သိရပါ
တယ်။

မော်လမြိုင်ကျွန်းမှာ မိုးရွာပြီးလေပြင်တိုက်တာကြောင့် လူနေအိမ်တွေပြိုကျကာ စေတီတစ်ဆူ ထီးတော်မြေခခဲ့ရတယ်လို့ မြို့ခံတဦးဖြစ်သူဦးဝင်းလှိုင်ဦးက ပြောပါတယ်။

“လှိုင်ဘုန်းရွာက ဓမ္မသုခကျောင်းက စေတီဆိုရင် ထီးတော်ပါ ကျိုးကျတယ်၊ အိမ်တွေလည်း အကုန် သွပ်တွေ အကုန်လေထဲပါသွားတယ်၊ အချို့တဲတွေဆိုရင် ပြိုကျတယ်”လို့ သူကပြောပါတယ်။

ဒီလိုလေပြင်းတိုက်လို့ ပျက်စီးဆုံးရှံးတာတွေဟာ လှိုင်ဘုန်းကျေးရွာနဲ့ ငွေဇင်ယော်ကျေးရွာတွေမှာ ဖြစ်ပြီး လက်တလော စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေသူ ၂၀၀၀နီးပါးရှိတယ်လို့ ကူညီပေးသူနေသူတွေဆီက သိရပါတယ်။

လပွတ္တာမြို့နယ်ထဲမှာပါဝင်တဲ့ ပြင်စလူမြို့မှာတော့ ဒီကနေ့ မနက်ကစတင်ပြီး လေပြင်းမုန်တိုင်းတိုက်ခတ်လာတာကြောင့် မုန်တိုင်းရှောင်ပြည်သူတွေ သတ်မှတ်နေရာတွေမှာ နေထိုင်ဖို့ လုပ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးဖြစ်သူ မချိုလေးက ပြောပါတယ်။

“အထက်တန်းကျောင်းရှယ်တာ နဲ့ ဘကဘုန်းကြီးကျောင်းတွေမှာ အခုဆို လူ သုံးရာ နီးပါး ရှိတယ်၊ မနက်က သစ်ပင်တွေ လဲကျတယ်၊ ပေ ၆၀ လောက်ရှိတဲ့ ဆက်သွယ်ရေးရုံးက သံတိုင်ကြီးတွေ ကျိုးကျတယ်၊ မီးသတ်တွေနဲ့ မြို့ခံတွေက ရှင်းလင်းရေးတွေ လုပ်နေတယ်”လို့ သူကပြောပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အနီရောင်အဆင့် သတ်မှတ်ထားတာပြီး မုန်တိုင်းရဲ့အရှိန်ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ လပွတ္တာမြို့နယ်က အချို့ရပ်ကွက်တွေမှာ ရေကြီးမှုတွေဖြစ်နေတဲ့အတွက် ဘုန်ကြီးကျောင်းမှာ နေထိုင်ခွင့်ပေးကာ ကျွေးမွေးထားရတယ်လို့ လပွတ္တာမြို့နယ် ကိုးနဝင်းစာသင်တိုက်မှ ဆရာတော်ဦးပညာဓဇက မိန့်ပါတယ်။

“မြို့ပေါ် ၈ ရပ်ကွက်က မြစ်ကမ်းနဲ့နီးတော့ အကုန်ရေမြုပ်တယ်၊ အခု ဘုန်းဘုန်းကျောင်းမှာ အဲ့ဒီကလူတွေချည်းပဲ ၂၅၀ နေစရာပေးထားတယ်၊ မနေ့ကနဲ့ဆိုရင် အားလုံး၄၅၀ လောက်ရှိတယ်၊ အကုန်စားဖို့ကို အလှူရှင်တွေရော ဘုန်းဘုန်းတို့ရော အဆင်ပြေအောင် လုပ်ပေးနေတယ်”လို့ ဆရာတော်ကမိန့်ပါတယ်။

လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာကို မြစ်ကမ်းနဲ့နီးတဲ့ကျေးရွာအချို့က မုန်တိုင်းအန္တရာယ်ကြောင့် လာရောက်ခိုလှုံသူ တစ်ထောင်နီးပါး ရှိကာ လက်တလော စားဝတ်နေရေးအတွက် ကျေးရွာကပဲ တာဝန်ယူပေးထားတယ်လို့ ဘီတွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ရင်ကပြောပါတယ်။

မော်လမြိုင်ကျွန်းနဲ့လပွတ္တာမြို့နယ်မှာ မုန်တိုင်းနဲ့ပတ်သက်ပြီး မတ်လ ၂၀ ရက်နေ့ကတည်းက မုန်တိုင်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့၂၀၀၈ ခုနှစ် မေလ ၃ ရက်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီသေဆုံးခဲ့ပြီး လူဦးရေအများဆုံးသေဆုံးမှုကတော့ လပွတ္တာမြို့နယ်နဲ့ဘိုကလေးမြိုနယ်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်း #မော်လမြိုငကျွန်း #လပွတ္တာ

Related posts

Leave a Comment

VOM News

FREE
VIEW