ခင်ဦးမြို့နယ်ထဲက မီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မတ် ၊ ၂၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း ၇ ရွာဟာ မီးရှို့ခံရ​တဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော်ဟာ ကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ခင်ဦးနယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” မီးဘေး ပြဿနာကြုံရတဲ့ရွာက ၇ ရွာ ၊ မီးလောင်ဆုံးရှုံးရတဲ့ အိုးအိမ်ပေါင်းက ၃၂၇ လုံး ၊ မီးဘေးသင့် ဒုက္ခသည်ပေါင်းက ၂ ထောင်ကျော်တယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေကတော့ ဒါန်းကုန်းရွာမှာ အိမ်ခြေ ၄၃ အိမ် ၊ မှန်တောကျေးရွာမှာ ၃၈ အိမ် ၊ သက်ပေးကျေးရွာမှာ ၁၃ အိမ် ၊ တမုတ်ကျေးရွာမှာ ၉၃ အိမ် ၊ ကုလားလူးကျေးရွာမှာ ၇၅ အိမ် ၊ ရှားလွင်ကျေးရွာမှာ ၆၃ အိမ်နဲ့ ကျွန်းလယ်ကျေးရွာမှာက လူနေအိမ် ၂ လုံး အပြင် ယာစောင့်တဲ ၅ လုံး ပါဝင်တယ်လို့ ပရဟိတသမားတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

” အခုလ ၅ ရက်ကနေ ၁၇ ရက်အတွင်း မီးဘေးသင့်ခဲ့ရတဲ့ ရွာတွေနဲ့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ခြေအရေအတွက်ဖြစ်တယ် ၊ မီးဘေးဒုက္ခသည်တွေဟာ လက်တလောမှာတော့ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေရတာ ၊ ကူညီမှုကတော့ အစစ အရာရာ လိုအပ်နေတာပါ ” လို့ ခင်ဦးနယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ ​ခုရှိတဲ့အနက် စစ်ကိုင်း ၊ မုံရွာ ၊ ရွှေဘို ၊ ကလေး စတဲ့ အဲ့ဒီ မြို့နယ် ၄ ခုတာ အင်တာနက်လိုင်း အသုံးပြုခွင့်ရပြီး ကျန်မြို့နယ်တွေကတော့ အခုလ ၄ ရက်ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလ ၅ ရက်နောက်ပိုင်းကစလို့ ကျေးရွာတချို့ မီးဘေးသင့်ခဲ့ရတာဟာ ခင်ဦးတမြို့နယ်ထဲတော့ မဟုတ်ဘဲ ရွှေဘို ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ ယင်းမာပင် ၊ ပုလဲ ၊ ကနီ ၊ မင်းကင်း စတဲ့ မြို့နယ်တွေဘက်က ကျေးရွာတချို့လည်း အလားတူ မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေရှိတယ်လို့ သိရပြီး VOM ကတော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ခင်ဦး #မီးဘေးသင့်ပြည်သူ #အရေးပေယ်အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW