ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ မတ်-၂၈-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချလိုက်ကြောင်း အာဏာပိုင်တွေက မတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။

မြို့ခံလူထုကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ အာဏာပိုင်တွေက စစ်ဆေးသွားမှာဖြစ်ပြီး ရှန်ဟိုင်းမြို့ကို အဆင့်နှစ်ဆင့်နဲ့ ကိုးရက်ကြာ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအခြေစိုက်ရာ ရှန်ဟိုင်းမြို့မှာ အခြားသောနိုင်ငံအချို့မှာလို ရောဂါကူးစက်မှုအလွန်မြင့်မားခြင်းမရှိပေမယ့်လည်း ကူးစက်မှုလိုင်းသစ်ကို တစ်လနီးပါးကြာ ရင်ဆိုင်ခဲ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေ မတည်မငြိမ်ဖြစ်ပွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် မြို့ကိုလော့ခ်ဒေါင်းချခြင်းကို မြို့အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပေမယ့်လည်း မတ် ၂၆ ရက်မှာ ကူးစက်မှုစံချိန်တင်ပြီးနောက် လော့ခ်ဒေါင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

မြို့အရှေ့ဘက်ပိုင်းကို ဧပြီ ၁ ရက်ထိနဲ့ အနောက်ပိုင်းကို ဧပြီ ၁ ရက်မှ ၅ ရက်ထိ ကန့်သတ်ချက်တွေအောက်မှာ အဆင့်နှစ်ဆင့်နဲ့ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး ကုမ္ပဏီတွေ၊ စက်ရုံများကိုလည်း ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

Ref: BBC
Photo: New York Times
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW