ထန်တလန်မြို့က တိုက်ပွဲရှောင်ပြည်သူတွေဟာ နေရပ်ပြန်ချင်ပေမယ့် ပြန်ခွင့်မရသေး

ဧပြီ ၊ ၂-၂၀၂၂
SP (VOM)

ချင်းပြည်နယ် ၊ ဟားခါးခရိုင် ၊ ထန်တလန်မြို့က တိုက်ပွဲရှောင် ပြည်သူတွေဟာ နေရပ်ပြန်ဖို့ ဆန္ဒရှိနေကြပေမယ့် နောက်တကြိမ် တိုက်ပွဲပုံဖော်တာတွေ ရှိလာနိုင်တဲ့အတွက်ကြောင့် အခုထိ ပြန်ခွင့်မရသေးဘူးလို့ ထန်တလန်မြို့ခံ တိုက်ပွဲရှောင်ပြည်သူတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ နှစ် ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းကစလို့ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကိုရှောင်နေရတာ ၆ လရှိပြီ ၊ ဒီမှာက စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတော့ ကိုယ့်မြို့ကိုယ့်ရွာ ပြန်နေချင်ကြတဲ့သူများတယ် ၊ အဲ့ဒါကြောင့် တိုက်ပွဲရှောင်တွေရဲ့ ဆန္ဒသဘောထားအရ ထန်တလန် မြို့မိမြို့ဖတွေက ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာတော်တွေနဲ့ (CDF/CNF-Thantlang )ခေါင်းဆောင်တွေအကြား ညှိနှိုင်းပြောဆိုကြတဲ့အခါ အရင်ကလို တိုက်ပွဲတွေ ဖြစ်ပြီး နေအိမ်မီးလောင်တာတွေ ထပ်ပြီး မဖြစ်နိုင်ဘူးလို့ အာမ မခံနိုင် ၊ စစ်တပ်နဲ့ သူတို့အကြား ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေသေးတဲ့ အခြေအနေမှာသာရှိသေးတယ် ၊ နောက်တကြိမ် တိုက်ပွဲပုံဖော်လာနိုင်တဲ့အတွက် အာမ မခံနိုင်ဘူးဆိုတော့ ငါတို့ပြန်ချင်ပေမယ့် အခုထိ ပြန်လို့မရသေးဘူး “လို့ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေရတဲ့ ထန်တလန်မြို့ခံတယောက်က ပြောပါတယ်။

ထန်တလန်မြို့ပေါ်က တိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးရုံး တာဝန်ရှိသူတဦးကတော့ ” ထန်တလန်မြို့ခံတွေ မြို့ထဲကို ပြန်လည်အခြေချ နေထိုင်ရေးကိစ္စမှာ ကန့်ကွက်ထားတာ မရှိဘူး ၊ မီးဘေးဒုက္ခကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေရတဲ့ အခြေအနေကိုလည်း ပြန်လည်ထူထောင်ဖို့ အတတ်နိုင်ဆုံး အစွမ်းကုန် ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ် “လို့ ပြောပါတယ်။

ထန်တလန်အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ သင်းအုပ်ဆရာတဦးကလည်း” ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေက အတန်းစား အမျိုးမျိုးရှိတယ် ၊ တချို့က နေရပ်ပြန်ဖို့ စိတ်မကူးတော့ဘဲ ကြုံတဲ့နေရာမှာပဲ ပြန်လည်အခြေချ နေထိုင်မယ်ဆိုတဲ့ သူတွေနဲ့ ၊ တချို့က ထန်တလန်ကိုပြန်ပြီး ပြန်လည်အခြေချ နေထိုင်ခြင်တဲ့သူတွေရှိတယ် ၊ ပြန်ချင်တဲ့သူက အများစုပါ ၊ ဒါပေမယ့် ​ကြောက်ရွံ့မှုတွေ ပူပန်မှုတွေနဲ့ သူတို့ မပြန်ရဲကြသေးဘူး “လို့ ပြောပါသေးတယ်။

ထန်တလန်မြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ၊ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပေါ်ပြီးနောက်ပိုင်း ထန်တလန်မြို့ပေါ်က လူနေအိမ် ၇၀ နီးပါး မီးစတင်လောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ၊ နိုဝင်ဘာလအထိ မီးလောင်မှုဖြစ်စဥ် ၅ ကြိမ်ထက်မနည်းဖြစ်ပွားကာ လူနေအိမ်ခြေ ၃ ရာနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီနောက် ထန်တလန်မြို့ခံတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၀ ကစလို့ နေရပ်စွန့်ခွာပြီး ချင်းပြည်နယ်ထဲက ကျေးရွာတချို့နဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် နေရပ်စွန့်ခွာခဲ့တဲ့ ထန်တလန်မြို့ခံ အိမ်ထောင်မိသားစု ၁ ထောင်နီးပါးနဲ့ လူဦးရေ ၇ ထောင် ဝန်းကျင်ရှိပြီး အဲ့ဒီအထဲက မီးဘေးသင့် အိုးအိမ်မဲ့ ဒုက္ခသည် မိသားစု ၄ ရာနီးပါးရှိနေတာပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထန်တလန် #တိုက်ပွဲရှောင်ပြည်သူ

Related posts

Leave a Comment

VOM News

FREE
VIEW