ပြည်တွင်းမှာ စက်သုံးဆီ ပြတ်နေပြီဆိုတဲ့သတင်းတွေကြောင့် ဆီဈေးမတည်ငြိမ်သလို အကန့်အသတ်နဲ့ တန်းစီဝယ်ယူနေကြ

ဧပြီ ၁၉-၂၀၂၂
KT+ GG (VOM)

သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့သတင်းထွက်ပေါ်အပြီး ပြည်တွင်း စက်သုံးဆီ အရောင်းဆိုင်တွေက ရောင်းစျေကို ချက်ခြင်းမြင့်တက်လိုက်သလို၊ အခုဆိုရင် ဆီဖြည့်ဖို့အတွက် တန်းစီရတာ တွေ၊ ခွဲတန်းအကန့်အသတ်ပမာဏနဲ့သာ ရောင်းချတာတွေ ဒီကနေ့မနက်ပိုင်းကစပြီး ဆီဆိုင်အချို့က ပြုလုပ်နေကြပါတယ်။

အိမ်စီးကား တစီးကို၂သောင်းကျပ်နဲ့ ၃သောင်းကျပ် အတွင်းသာ ဆီဖြည့်ပေးပြီး၊ကုန်ကားတွေကို ၅သောင်းကနေ ၁သိန်းဖိုးအထိ စက်သုံးဆီရောင်းချပေးကာ ပါဆယ်ပုံးနဲ့ဝယ်ယူတာတွေကို မရောင်းချတော့ကြောင်း၊ စက်သုံးဆီအရောင်းဆိုင် အများစုမှာ မော်တော်ကားတွေ ရာနဲ့ချီ တန်းစီစောင့်နေကြရပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပြည်မြို့အပါအဝင် နယ်မြို့တွေမှာလည်း စက်သုံးဆီပြတ်လတ်တော့မယ်ဆိုတဲ့သတင်းကြောင့် ဆီစျေးက အချိန်နဲ့အမျှ မြင့်တက်နေသလို၊ စက်သုံးဆီအရောင်းဆိုင် အချို့ဆိုရင် မနက်ခင်းကရောင်းချပြီး နေ့လယ်ပိုင်းမှာဆီပြတ်လပ်တယ်ဆိုကာ ဆိုင်ပိတ်ထားတယ်လို့ သိရပါတယ်။

” ကားကိုရာနဲ့ချီတန်းစီနေတာပဲ။ မနက်ကထည့်တာတော့ ရန်ကုန်မှာ 92က ၂၂၀၀ ပေးရတယ်။နယ်မှာတော့ ၂၄၀၀ ဖြစ်နေပြီလို့ပြောတယ်။ ဒါတောင် ရန်ကုန်မှာအကန့်အသတ်နဲ့ပဲ ရောင်းတာ၊ အိမ်စီးကားဆို ၂၀၀၀၀ ဖိုးပဲရတယ်။ 92ကများပါတယ်။ဒီဇယ်က ကုန်ကားတွေလောက်ပဲရှိတယ်၊အဓိက သီလဝါဆိပ်ကမ်းမှာ ဆီပြတ်နေပြီဆိုတဲ့သတင်းကြောင့်၊လူတွေကလည်း စိုးရိမ်ပြီး အလုအယက်ဝယ်ကြတော့ စျေးကတက်တာလို့မြင်တယ်။” လို့ ရန်ကုန်မြို့မှာ နေထိုင်သူတဦးကပြောပါတယ်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းကအမည်မဖော်လိုသူဝန်ထမ်းတဦးကတော့ ” သူ့ဘာသာ သီရိလင်္ကာမှာဖြစ်တာ ကိုယ့်နိုင်ငံနဲ့ဘာမှမဆိုင်ပါဘူး။ ဆီကလည်းပြတ်စရာမရှိပါဘူး။ ကောလဟာလသတင်းတွေကြောင့် ဆီစျေးကဖြစ်နေတာပါ။ ကျနော်တောင် ဆီထည့်တာ တန်းစီခဲ့ရသေးတယ်။ သတင်းအမှားတွေကြောင့် ပြည်သူတွေက စိုးရိမ်စိတ်ဖြစ်ပြီး အခုလိုဖြစ်တာပါ။ဒါပေမယ့်ဆိုင်တွေကိုတော့ ပုံးတွေနဲ့မရောင်းဖို့တားထားပါတယ် ” လို့ ပြောပါတယ်။

နစက ပြန်ကြားရေးတာဝန်ရှိသူတဦးကလည်း “အခု ကျနော်တို့ ကောလဟလတွေထွက်နေတယ်၊ သီလဝါမှာဆီမရှိတော့ဘူးတို့ မြန်မာနိုင်ငံအတွင်းမှာ ဆီမရှိတော့ဘူးတို့ ဆီဆိုင်တွေပိတ်အောင် တချို့မီဒီယာတွေက တွန်းအားပေး လုပ်နေတာတွေရှိတယ်၊ ပြောရမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံအတွင်းမှာ စက်သုံးဆီနဲ့ပတ်သက်ပြီး တင်သွင်းထားတာ အလုံအလောက်ရှိပါတယ်၊ အရင်တုန်းကကျ ကျနော်တို့က ချိန်ပြီးတော့မှ တင်သွင်းတယ် နိုင်ငံအတွင်းမှာ အလုံအလောက်ရှိရမယ်ဆိုပြီး တင်သွင်းတာ၊ အခုချိန်မှာ ရှိရမယ့် စက်သုံးဆီထက် ပိုပြီးလည်းရှိနေတယ် အရန်လည်း လုံလောက်စွာရှိနေပါတယ်၊ ဖြစ်ရတဲ့ အဓိကပြဿနာကတော့ စက်သုံးဆီဈေးနူန်းတည်ငြိမ်စေရေးအတွက် ကုမ္ပဏီတွေကို ဒေါ်လာတွေ ရောင်းချပေးတယ်၊ ရောင်းချပေးပြီးရင် စက်သုံးဆီကို သင်တင့်တဲ့ဈေးနဲ့ ပြည်သူလူထု လက်ထဲ ထည့်နိုင်အောင်လုပ်တယ်၊ ဒီအချိန်မှာ ကျနော်တို့ကတော့ စက်သုံးဆီကို ၁၈၅၀ ဈေးနဲ့ ဖြန့်နိုင်အောင် ဖြန့်ပါလို့ ပြောလိုက်တဲ့အချိန်မှာ တချို့ကုမ္ပဏီတွေက စက်သုံးဆီမရှိတော့ဘူးဆိုပြီး ကြေညာကြတာပေါ့ဗျာ၊ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က အသိပေးရမယ့်လူ သတိပေးရမယ့်လူကို အသိပေး သတ်ိပေးပြီးဖြစ်တယ်၊ ကျနော်ပြောချင်တာကတော့ ပြည်သူလူထုအနေနဲ့ ဒီကောလဟလတွေကို မယုံကြည်ကြဖို့ ကျနော်ပြောချင်တယ်၊ ဒီစက်သုံးဆီနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ စက်သုံးဆီဝယ်ယူနိုင်ရေးအတွက် သင်္ကြန်ရက်မှာတော့ ကျနော်တို့ ဒေါ်လာရောင်းချမှု ရပ်နားခဲ့တာပေါ့လေ၊ မနက်ဖြန်ကနေစပြီး ကျနော်တို့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေ ဒေါ်လာရောင်းချပေးတာတွေ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ စိတ်မပူကြဖို့ ကောလဟလ မယုံကြဖို့ ကျနော်ပြောလိုပါတယ်”လို့ ပြောပါတယ်။

ပြည်မြို့မှာဆိုရင် ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့မနက်အစောပိုင်းက ၉၂ တစ်လီတာကို ၁၉၄၅ ကျပ်သာရှိပြီး အချိန်ပိုင်းအတွင်း ၉၂ တစ်လီတာကို ၂၃၀၀ နီးပါးအထိ မြင့်တက်လာပြီး နေ့လယ် ၁၂ လောက်မှာတော့ ၉၂ တစ်လီတာကို ၂၄၀၀ ကျပ်အထိရှိသွားတယ်လို့ သိရပါတယ်။

” မနက်ခင်းဖြည့်တာ ၉၂ တစ်လီတာ ၂၀၈၅ ၊ ၁၀နာရီလောက်မှာ ၂၂၈၅ ဖြစ်သွားတယ်၊၁၂ လောက်ကျ ၂၄၀၀ တဲ့၊တချို့ဆ်ိုင်တွေ ဆိုင်ကယ်တစ်စီး ၂၀၀၀ ဖိုးပဲထည့်တယ်လို့တောင်ကြားတယ်။မနက်ခင်းက ပုံးနဲ့ ပါဆယ်တောင် ဝယ်ရသေးတယ်။ ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး ” လို့ ပြည်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

စက်သုံးဆီ အရောင်းဆိုင် အချို့ကလည်း သူတို့ ရဲ့ လူမူကွန်ရက်စာမျက်နှာတွေမှာ မကြာမီအချိန်အတွင်း စက်သုံးဆီများကို အကန့်အသက်မရှိ ရောင်းချပေးမယ်လို့ ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

စက်သုံးဆီစျေး အတက်ကြမ်းနေတာနဲ့ ဆက်စပ်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်းတွေမြင့်တက်လာမှာကို ပြည်သူလုထုကလည်း စိုးရိမ်နေကြပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က 92နဲ့ 95 တစ်လီတာကို ၁၇၃၀ ကျပ်မှ ၁၉၇၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး ပရီမီယံ ဒီဇယ်၊ဒီဇယ်ကတော့ တိုင်း နဲ့ ပြည်နယ်လိုက်ပြီး တစ်လီတာကို ၁၉၅၀ ကနေ ၂၁၀၀ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီ

Related posts

Leave a Comment

VOM News

FREE
VIEW