မုံရွာ – မန္တလေး ကားလမ်းမှာ မိုင်းကွဲပြီး လူသေဆုံးတာရှိခဲ့သလို၊ မကွဲသေးတဲ့ မိုင်းတွေလည်း ထပ်တွေ့

ဧပြီ ၁၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ နတ်ရေကန်ကျေးရွာအနီး၊ မန္တလေး-မုံရွာ ကားလမ်းမှာ မနေ့ ဧပြီ ၁၈ရက် ညနေပိုင်း မိုးသက်လေပြင်း ကျရောက်နေချိန် ကုန်ကားတစီး မိုင်းထိမှန်ပြီး ကားပေါ်မှာ လမ်းကြုံလိုက်ပါလာသူ တဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မိုင်းစထိမှန် သေဆုံးသူက မန္တလေးမြို့၊စက်မှု(၁) ရပ်ကွက်မှာနေတဲ့ ၊ ဦးကျော်ဇင်လင်း ဖြစ်တယ် “လို့ အဲ့ဒီဖြစ်စဥ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမား တယောက်ကပြောပါတယ်။

အဲ့ဒီ မိုင်းပေါက်ကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကားသမား တယောက်က” မိုးသက်လေပြင်းတွေကျနေတဲ့အချိန် ကားတွေက ရှေ့ဆက် မောင်းမရတာကြောင့် လမ်းဘေးမှာ ထိုးရပ်ထားကြတာပါ ၊ အဲ့ဒီအချိန် ကားအောက်ဆင်းပြီး အပေါ့စွန့်တဲ့အချိန် မိုင်းပေါက်ကွဲပြီး သေတာ ” လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေး-မုံရွာကားလမ်း မြေနဲကျေးရွာနဲ့ ကူတောပုလ္လင်ကျေးရွာအကြားမှာ မပေါက်ကွဲသေးတဲ့ မိုင်း ၁၈ လုံးကို ကားသမားတွေက တွေ့မြင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

” မိုင်းရှင်းလင်းနေတာကြောင့် လမ်းသွားလာမှုကို ခေတ္တခဏ ယာယီပိတ်ထားပါတယ် ၊ လက်တလောတော့ မိုင်းမျိုးစုံ ၁၈ လုံးကို ရှင်းလင်းဖယ်ရှားပြီးပြီ ” လို့ မုံရွာအဝေးပြေးယာဥ်လိုင်းများကြီးကြပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကလေးဝမြို့နယ် ၊ စခန်းကြီးကျေးရွာနား၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ ကားတစ်စီး မိုင်းထိမှန်တာကြောင့် ကားပေါ် လူ ၇ ယောက်အနက် ၆ ယောက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မုံရွာ စီးပွားရေးတက္ကသိုလ်ကျောင်းနားက မြို့ရှောင်လမ်းမကြီးမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အိမ်စီးကား တစ်စီး မိုင်းထိမှန်တဲ့အတွက် ကားပေါ် ပါ လူ ၃ ဦးအနက် ၁ ဦးသေဆုံးပြီး ၊ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW