ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိသူဆီက ရောဂါ တဆင့်ပြန့်ပွားရင် ဘေးစီမံဥပဒေနဲ့ အရေးယူမယ်

ဧပြီ ၂၂-၂၀၂၂
VOM (GG)

ကိုဗစ်ကာကွယ်ဆေး တကြိမ်တခါမှ ထိုးနှံထားခြင်း မရှိတဲ့သူတွေကြောင့် ရောဂါကူးစက်ခံရပြီး ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အသိပေးပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် အခုချိန်အထိ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူတွေအနေနဲ့ ကြည်ဖြူစွာလက်ခံထိုးနှံဖို့လိုအပ်ကြောင်း၊ ပေါင်းတည်မြို့အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှုံခြင်းကို ဒီနေ့ ဧပြီ လ၂၂ ရက်နေ့ကနေ လကုန်အထိ မြို့အဝင် ၊ မြို့ထွက် နေရာ ၄ခုမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

” ဆေးမထိုးတဲ့သူတွေရှိတယ်၊အဲ့ဒါကြောင့် အခုလိုစာထုတ်အသိပေးတာဖြစ်မယ်။ ကျနော်တို့ကတော့ ၂ကြိမ်ထိုးပြီးပြီ၊ ကာကွယ်ဆေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းအကျဉ်းတော့ ကာကွယ်မှုပေးမယ်ထင်လို့ ထိုးလိုက်တယ်။ နောက်ထပ်တော့ထပ်မထိုးဖြစ်ဘူး။ ” လို့ ပေါင်းတည်မြို့ဒေသခံတဦးကပြောပါတယ်။

ပေါင်းတည်မြို့မှာ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒီလဧပြီလကုန် ၃၀ ရက်နေ့ နောက်ဆုံးထား ထိုးနှံပေးမှာဖြစ်ပြီး အသက်၁၅ နှစ် နဲ့ ၁၈နှစ်ကြား၊အသက်၁၈နှစ်အထက်အားလုံး ထိုးနှံရမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးတဲ့ သက်သေခံလက်မှတ် ပါမှသာ လွတ်လပ်စွာခရီးသွားလာနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပြီးသူတွေ အနေနဲ့ကတော့ မြို့နယ်ကိုဗစ်ကော်မတီက ဆေးထိုးပြီး မှတ်တမ်းကတ်ပြားမထုတ်ပေးမီ မြို့နယ်ပြင်ပ ၊ မြို့နယ်အတွင်း ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်နဲ့ ရယူသွားလာနိုင်တယ်လို့ သိရပါတယ်။

အခုလို ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်တာဟာ အများပြည်သူအကျိုးအတွက်ဖြစ်တယ်လို့ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ပေါင်းတည် #ကိုဗစ်ဆေး #ဘေးစီမံ

Related posts

Leave a Comment

VOM News

FREE
VIEW