ကိုဗစ်၁၉ ကပ်ရောဂါ လက်ရှိအခြေအနေ

ဧပြီ ၂၅-၂၀၂၂
Voice Of Myanmar

ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်းတွေ လျော့လာနေတယ်လို့ ထင်မှတ်နေကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ကူးစက်ပြန့်နှံ့နှုန်း မြင့်တက်လာနေတာတွေ၊ ကိုဗစ်ရောဂါ မူလဗီဇတွေ အမျိုးမျိုးပြောင်းပြီး ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာနေဆဲဖြစ်ပါတယ်။

ဒီကပ်ရောဂါဘေးနဲ့ ပတ်သက်တာတွေကို တစိုက်မတ်မတ် လေ့လာနေပြီး အများပြည်သူ သိရှိရအောင် ကျန်းမာရေးစာပေတွေ ရေးသားဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံမှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကို လက်ရှိ ကပ်ရောဂါဘေး အခြေအနေတွေနဲ့ ပတ်သက်ပြီး VOM က ဆက်သွယ်မေးမြန်းထားပါတယ်။

VOM ။ ။ Covid 19 က ဗီဇကွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာမှာ အခု လက်ရှိ နောက်ဆုံးပေါ် Omicron BA-2 နဲ့ ပတ်သက်ပြီးတော့၊ ကူးစက်ခံရသူတွေမှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့၊ impact က ဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတာ ရှင်းပြပေးပါဆရာ။
‌‌ဖြေ။ ။ ကိုဗစ်ဖြစ်စေတာက ဗိုင်းရပ်စ်။ တုပ်ကွေးဗိုင်းရပ်စ်လိုပဲ မျိုးသစ်ထပ်ထပ်ဖြစ်တယ်။ တခုနဲ့တခု နည်းနည်းစီ မတူပါ။ နောက်လည်း ပြောင်းနိုင်တယ်။ ရောဂါအကြောင်းကို ဆက်တိုက်လေ့လာ သုတေသနတွေ လုပ်နေရတယ်။ အရင်က မသိတာတွေ အခုသိလာပြီ။ မသိသေးတာတွေလည်းရှိတယ်။ ကြိုတင်ပြောလည်း အကုန်မှန်ချင်မှ မှန်တယ်။
ကိုဗစ်ရောဂါလက္ခဏာများစာရင်း သစ်ဖြစ်လာတယ်။
အရင်ရောဂါလက္ခဏာ ၃ ခု။
၁။ အဆက်မပြတ် ချောင်းဆိုးခြင်း၊
၂။ ကိုယ်ပူခြင်းနဲ့
၃။ အနံ့ အရသာ (အသစ်) ပျောက်ခြင်း။

အခုနောက်ဆုံးအခြေအနေအရ ရောဂါလက္ခဏာ သစ် ၉ ခုတိုးထားပါတယ်။ တုပ်ကွေးနဲ့ အတော်ကိုတူတယ်။
၁။ အသက်ရှူမဝခြင်း၊
၂။ မောပန်းပြီး အားအင်ကုန်ခြင်း၊
၃။ ကြွက်သားတွေနာခြင်း၊
၄။ ခေါင်းကိုက်
၅။ နှာခေါင်းပိတ်၊ နှာရည်ယို၊
၆။ လည်ချောင်းနာ၊
၇။ အစားပျက်၊
၈။ ဝမ်းပျက်၊
၉။ နေမကောင်းသလိုဖြစ်နေခြင်း။
ရောဂါကြောင့်ထိရောက်မှု သက်ရောက်မှုဆိုတာ အသက်အန္တရာယ်သာမက၊ စီးပွားရေးနဲ့ နိုင်ငံရေးလည်းပါတယ်။ အစိုးရတွေရဲ့ အရည်အချင်း၊ လူတွေရဲ့အရည်အချင်းနဲ့ တိုင်းပြည်ရဲ့ အရည်အချင်းတွေကို မှတ်ကျောက်တင်သလိုဖြစ်တယ်။
တိုးတက်ပြီးသားနိုင်ငံတွေမှာတော့ အခုရက်တွေမှာ ကိုဗစ်ကြောင့်ကျခဲ့တဲ့ စီးပွားရေးနဲ့ အလုပ်လက်မဲ့ ပြဿနာတွေက နေရာ ပြန်ရနေကြပြီ။ ခက်တာက သူတို့ဆီမှာတော့ ယူကရိန်း၊ မြန်မာပြည်မှာကတော့ အာဏာသိမ်းလို့ ပြန်မကောင်းနိုင်ကြပါ။

VOM ။ ။ ကိုဗစ်နဲ့အတူ ယှဉ်တွဲ နေထိုင်ခြင်းရယ်လို့ ဆိုထားကြတော့ ရောဂါပိုး ကူးစက်ခံရလို့ နေထိုင်မကောင်းဖြစ်သူတွေရယ်၊ သူတို့နဲ့အတူ နေထိုင်ကြတဲ့ မိသားစုဝင်တွေကရော၊ ဟိုးအရင်တုန်းကလို သီးခြားခွဲနေရတာတွေမျိုး ဆက်လုပ်ကြရမှာပါလား။ နိုင်ငံတကာမှာရော ဘယ်လို ပုံစံနဲ့ ကုသမှုတွေ ပေးကြပါလဲ။
‌‌ဖြေ။ ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုစကားဟာ ကိုဗစ်အတွက် အမှန်ဖြစ်တယ်။ ကာကွယ်နည်းတွေကို လူတိုင်းက အချိန်တိုင်းမှာ လိုက်နာကြရမယ်။
၁။ အတတ်နိုင်ဆုံး အပြင်မထွက်ရ။
၂။ ထွက်ရတိုင်းမှာ နှာခေါင်းစည်းသုံးပါ။
၃။ ဘယ်မှာနေနေ မကြာခဏ လက်ဆေးပါ။
၄။ ကာကွယ်ဆေး စနစ်တကျထိုးပါ။
၅။ ချောင်းဆိုးတိုင်း၊ နှာချေတိုင်း တံတောင်ဆစ်ထဲမှာ ပြုလုပ်ပါ။
နိုင်ငံတကာမှာ သတ်မှတ်ထားတာကတော့ သီးခြား ခွဲနေထိုင်ခြင်းကာလ ၅ ရက်သာ လိုအပ်တော့ပါတယ်။

VOM ။ ။ ကိုဗစ် လူနာတွေ၊ ဆေးကုသမှု ခံယူကြတဲ့အခါ၊ အထူးသဖြင့် ရောဂါလက္ခဏာ အပျော့စားသာ ခံစားရသူတွေ အိမ်မှာတင် ကိုယ့်ဘာသာ ကုသကြရတဲ့အခါ၊ ဆေးမြီးတိုတွေက အလုပ်ဖြစ်မဖြစ်၊ ဆေးပညာအရကရော ဘယ်လိုသဘောတရားတွေ ရှိလဲဆိုတာ ပြောပြပေးပါဆရာ။
‌‌ဖြေ။ ။ ၂၇-၃-၂၀၂၂ နေ့က ဆရာ့ကို ‘ဒီဆေးက covid ပထမလှိုင်းစတော့ ကျွန်တော့်အမျိုးသမီးက အစိုးရိမ်လွန်ပြီး အနားကမိတ်ဆွေတွေ ပြောစကားနဲ့ covid ကာကွယ်တယ်ဆိုပြီး ဝယ်ထားတာပါ အသက်က လင်မယားနှစ်ယောက်လုံး ၄၀ ကျော်ပါ လိုရင်းမေးချင်တာက အားဆေးအဖြစ် သောက်လို့ရလား’ တဲ့။ မေးပါတယ်။ မြန်မာပြည်ကို ကိုဗစ်စရောက်ကတည်းက အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေးနည်းတွေ အမျိုးမျိုး ရေးကြတယ်။ ယုံတဲ့သူတွေကလည်း အတော်ကိုများတယ်။ ဖြည့်စွက်ရောင်းသူတွေ စီးပွါးဖြစ်ကြတယ်။ ဖြေရတိုင်း အားနာရတယ်။ ဆေးရောင်းသူတွေ၊ ဆေးပွဲစားတွေနဲ့ ဝယ်ယူအားပေးသူတွေက ကိုယ့်နိုင်ငံသားတွေ။ ဒါတွေက မှားပါတယ်။

VOM ။ ။ ကိုဗစ်လူနာတွေ၊ ကူးစက်မခံရပေမယ့် ကူးစက်ခံရသူတွေနဲ့ အတူနေထိုင်ရသူတွေအတွက် ရောဂါ ခံစားရတာ သက်သာစေ၊ ကိုယ်ခံအားကောင်းစေမယ့် အာဟာရတွေကိုလည်း လမ်းညွှန်ပေးပါဆရာ။
‌‌ဖြေ။ ။ ကိုယ်ခံအားဆိုတဲ့မေးခွန်းတွေ အများကြီး ဖြေရပါတယ်။ လူတွေမှာ HIV သာကူးစက်မှုမခံံရင် ခုခံအားရှိကြတယ်။ အလေးချိန်အများကြီးသယ်မနိုင်တာနဲ့ အဝေးကြီးပြေးနိုင်တာကို ခုခံအားလို့ မခေါ်ပါ။ ရောဂါကို ခုခံနိုင်စွမ်းကိုသာ ခေါ်တယ်။ လူ့ခန္ဓာကိုယ်မှာ အမေမွေးကတည်း ခုခံအား ခေါ် ရောဂါပြီး စနစ်ပါတယ်။ ခုခံအားကျရောဂါမဟုတ်ပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတခုခု အစားထိုးပေးထားရတဲံ လူနာတွေမှာလည်း ခုခံအား ပုံမှန်ထက် နည်းနေတယ်။
ကိုဗစ်အတွက် ခုခံအားကို ကာကွယ်ဆေးထိုးခြင်း ကနေသာ ရနိုင်တယ်။ ကူးစက်ခံရရင်လည်း ပျောက်ကင်းချိန်မှာ ခုခံအားရမယ်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာအထိ ခုခံနိုင်သလဲ အတိအကျ ပြောမနိုင်။ အဲဒါကြောင့် ကာကွယ်ဆေးကို၃ ကြိမ်၊ ၄ ကြိမ် ထိုးနေရတယ်။ လူအစုအဝေး သို့မဟုတ် တိုင်းပြည်တခုမှာ ကာကွယ်ဆေး ၇၀% ထိုးထားပြီးရင်တော့ ပုံမှန်လို နေနိုင်ကြမှာဖြစ်တယ်။

VOM ။ ။ အခု နောက်ဆုံး၊ ဖြစ်ပေါ်နေတဲ့ Covid 19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ က အခြေအနေတွေ၊ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေအကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။
‌‌ဖြေ။ ။ ကမ္ဘာမှာ ကိုဗစ် ကူးစက်ခံရသူ စုစုပေါင်း 493,158,014 ယောက်။ သေဆုံးရသူ စုစုပေါင်း 6,180,533 ယောက်။ ပြန်လည်သက်သာလာသူပေါင်း 428,766,283 ယောက်။
ကူးစက်ခံရသူပေါင်း
၁။ ယူအက်စ်အေ 81,867,963
၂။ အိန္ဒိယ 43,029,839
၃။ ဘရာဇီးလ် 30,012,798
၄။ ပြင်သစ် 26,025,500
၅။ ဂျာမဏီ 21,908,379
၆။ ယူကေ 21,359,681
၇။ ရုရှား 17,926,104
၈။ တာကီ (တူရကီ) 14,907,378
၉။ အီတလီ 14,877,144
၁၀။ တောင်ကိုရီးယား 14,267,401
၇၈။ မြန်မာ 611,926
ကိုဗစ်ရဲ့ ဇာတိမှန်တရုပ်ပြည်ကသတင်းဟာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ နောက်ဆုံးသတင်းကတော့ ရှန်ဟဲမြို့ကြီး။ လော့ဒေါင်း ခေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်လိုက်ပါသတဲ့။ တရုပ်ရဲ့ ကိုဗစ်ဗျူဟာက သုညဖြစ်စေရမယ်လို့ စကတည်းက ချမှတ်လုပ်ဆောင်ပါတယ်။ ထိရောက်မှုလည်းရှိတယ်။ သူများနိုင်ငံတွေဆီ ကူးစက်နေချိန်မှာ သူတို့ဆီမှာ ပျောက်သလောက်ရှိခဲ့တယ်။ ချီးကျူးကြတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါက တရုပ်ပြည်မှာ ပြန်ပြီးခေါင်းထောင်လာတယ်။ ဟောင်ကောင်ကနေ အခုတော့ ရှန်ဟဲ။ ရှန်ဟဲက တကယ့်အကြီးစား စီးပွါးရေးမြို့ဖြစ်တော့ ပြန်ဖြစ်စမှာ ပိတ်တာဆို့တာတွေ နည်းခဲ့သေးတယ်။ လူဦးရေ ၂၅ သန်းနေထိုင်တယ်။ ကူးစက်မှု ပြန်လည်ခေါင်းထောင်လာတာ လူ 100,000 တသိန်းကျော်ပြီ။ ရှန်ဟဲမှာ အဆိုးဆုံး။ ပိုးတွေလူနာ 438 ယောက်နဲ့ လက္ခဏာမခံစားရသူပေါင်း 7,788 ယောက်ရှိတယ်။
၂၄-၄-၂၀၂၂ နေ့ သတင်းတွေအရ တရုပ်နိုင်ငံ ဘေဂျင်းခရိုင်မှာ လူပေါင်း ၃ သန်းခွဲကို ကိုဗစ် စစ်ဆေးမယ်လို့ ဆိုတယ်။ ကိုဗစ်ရဲ့ မူလဇစ်မြစ် တရုပ်ပြည်မှာ ကိုဗစ်ကပ်ရောဂါကို ကြိုးစားထိန်းချုပ်နေရဆဲပဲ ဖြစ်ပါတယ်။

ယူအက်စ်အေမှာတော့ ကိုဗစ်နဲ့ ဆေးရုံတက်ရသူအရေအတွက် အနိမ့်ဆုံးရောက်ရှိပါသတဲ့။ ဒါပေမဲ့ ဆေးရုံအမှုထမ်းတွေက စိတ်သာရာ မရကြသေးပါ။
သူတို့ဆီမှာ ၂၀၂၀ ဇူလိုင်လက ဆိုးခဲ့ရာကနေ အခု ကိန်းဂဏန်းဟာ ၂% သာရှိပါတော့တယ်။ ၂၀၂၁ ခု ဇူလိုင်လမှာလည်း နည်းခဲ့တယ်။ ၂၀၂၂ ခု ဇန်နဝါရီမှာ ပြန်တိုးလာပြန်တယ်။ ဒယ်လ်တာမျိုးသစ်ကနေ အိုမီခရွန်မျိုးသစ် ဖြစ်လာတာကြောင့်။ ဆေးရုံဝန်ထမ်းတွေက အမြဲသတိချပ်နေကြရလို့ ပေါ့လို့မရကြပါလို့ ဆိုပါတယ်။
ကူးစက်မှုပြန်တက်လာတာ ဘာကြောင့်လဲ။ အိုမီခရွန်ကြောင့်လည်း ပါတယ်။ ကူးစက်ခံရဘူးသူတွေ ထပ်ကူးစက်ခံကြရတာလည်း ပါတယ်။ ခံစားကြရတာတော့ ပိုမဆိုးကြပါ။
VOM။ ။ အခုလို အချိန်ပေး ဖြေဆိုပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် ဆရာ။

#voiceofmyanmar #VOM #COVID19

Related posts

Leave a Comment

VOM News

FREE
VIEW