ပြည်တွင်း စားအုန်းဆီစျေး ၇၅၀၀ ထိပြန်တက်၊ ဆီသိုလှောင်ပြီးစျေးကစားသူတွေကို အရေးယူမယ်လို့သိရ

ဧပြီ ၂၆-၂၀၂၂
VOM (GG)

ပြည်တွင်းစားအုန်းဆီစျေးဟာ ယခုရက်ပိုင်းမှာ တစ်ပိသာကို ၇၅၀၀ကျပ်ထိ ပြန်လည်မြင့်တက်လာတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။

” ပြီးခဲ့တဲ့ရက်က ၆၈၀၀ ၊ ၇၀၀၀ ရောင်းတယ်၊ အခုရက် ၇၅၀၀ ပြန်ဖြစ်သွားတယ်။ထပ်တက်အုံးမယ်လို့လည်း စျေးဆိုင်ကတော့ပြောတာပဲ။ မတတ်နိုင်ဘူးလေ တက်တော့လည်း ဘယ်လိုလုပ်မလဲ မစားလို့မှမရတာ ၊ တခုခုဆို ကျမတို့အောက်ခြေလူတွေကအရင်ထိတာပဲ ” လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက သူတို့ပြည်တွင်းမှာ ဆီစျေးကျဆင်းဖို့နဲ့ လိုအပ်ချက်မြင့်မားလာခြင်းအပါအဝင် ဆီ စားသုံးမှု ဖူလုံဖို့အတွက် ပြည်ပနိုင်ငံကို ဟင်းချက်ဆီနဲ့ ကုန်ကြမ်းတွေရောင်းချမှု ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းကြောင့် အခုလိုမြန်မာနိုင်ငံမှာ စားအုန်းဆီစျေးပြန်လည်လှုပ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

” စျေးလေးပြန်ငြိမ်နေတာကို အင်ဒိုနီးရှားသတင်းကတက်လာတော့ ဆီစျေးကပြန်လှုပ်သွားတယ်၊သူတို့လည်းအကြာကြီးတော့ ပိတ်မယ်မထင်ပါဘူး။ စားအုန်းဆီကတော့အဓိက မလေးရှားကတင်သွင်းတာပေါ့။ အခုနှစ်ကတော့ စားအုန်းဆီစျေး စံချိန်တင်တက်တဲ့နှစ်လည်းဖြစ်တယ်၊လှုပ်ခတ်မှုအများဆုံးလည်းဖြစ်တယ်၊စားသုံးသူတွေလည်း ဒုက္ခအရောက်ဆုံးပဲ ” လို့ စားသုံးဆီ ရောင်းဝယ်ရေးလုပ်ကိုင်နေသူတဦးကပြောပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ဆီဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ပြည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့နည်းနဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ပြောဆိုထားပါတယ်။

နောက်ပြီးအင်ဒိုနီးရှားနိုင်ငံရဲ့ အုန်းဆီတင်ပို့မှု မူဝါဒဆိုင်ရာသတင်းတွေကို ချဲ့ကားပြီး ကောလာဟလသတင်းအဖြစ် ထုတ်လွှင့်နေမှုအပေါ် စားသုံးသူတွေအနေနဲ့ စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်း၊ ပြည်တွင်းမှာ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်းစားအုန်းဆီဈေးကွက် တည်ငြိမ်စေရေးနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေ ဝယ်ယူရရှိစေရေးကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း စားအုန်းဆီသိုလှောင်ကန်တွေမှာ စားအုန်းဆီ လက်ကျန် ၃၁၀၉၀၁၀၉တန်၊ ပိသာချိန် ၁၉၀၃၉၈၁၅ ရှိလို့ ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ကြောင်းနဲ့ ပြည်ပမှ စားအုန်းဆီသင်္ဘောတွေလည်း ပုံမှန်ဝင်ရောက်နေတယ်လို့ သိရပါတယ်။

စားအုန်းဆီဟာဆိုရင် အရင်က တစ်ပိသာကို ၁၈၀၀ ကျပ်သာရှိရာကနေ အခုဆ်ိုရင် ၈၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်နေတာဖြစ်ပြီး မြေပဲဆုံဆီအစစ်ကလည်း တစ်ပိသာကို ၁၂၀၀၀ ကျပ်အထိ ရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #စားအုန်းဆီ #ဈေးနူန်းပြန်လည်မြင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW