ဗန်းမောက်စစ်ဆေးရေးဂိတ်နားမှာ ပစ်ခတ်တာတွေ ဖြစ်ပြီး ဒုရဲအုပ် ၁ ဦး အပါအဝင် ရဲ ၂ ဦး ၊ မီးသတ် ၁ ဦး သေဆုံး

ဧပြီ ၊ ၂၆ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ ၊ မြို့ဝင် စစ်ဆေးရေး ဂိတ်နားမှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်တာတွေဖြစ်ပြီး စက်သုံးဆီဆိုင်တွေ မီးလောင်ကုန်တဲ့အပြင် ရဲ ၂ ဦး နဲ့ မီးသတ် ၁ ဦးလည်း သေဆုံးသွားတယ်လို့ ဗန်းမောက်မြို့ခံတွေဆီက သိရပါတယ်။

” ဒီကနေ့ ညနေပိုင်း ၃ နာရီဝန်းကျင်က မြို့ဝင်စစ်ဆေးရေး ဂိတ်မှာ ပစ်ခတ်ခံရတာပါ ၊ ၂ ဖက်ပစ်ခတ်ချိန် နာရီဝက်ကျော်လောက်ကြာတယ် ၊ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် ၁ ဦး ၊ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ မီးသတ် ဒုတပ်ကြပ် ၁ ဦး ကျည်ဆံထိမှန် သေဆုံးတယ် ၊ ဗန်းမောက်မြို့ခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ပစ်ခတ်မှုတွေဖြစ်တဲ့ နေရာဝန်းကျင်မှာ စက်သုံးဆီ အရောင်ဆိုင် ၅ ဆိုင်ရှိတဲ့အနက် ၊ ၄ ဆိုင်ဟာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီးနောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

” ဆီဆိုင်တွေ မီးလောင်အား ကောင်းနေတဲ့အချိန်မှာ ပစ်ခတ်တာတွေဖြစ်နေတဲ့အတွက် မီးငြိမ်းသတ်ဖို့ အခက်အခဲရှိခဲ့တယ် ၊ ပစ်ခတ်တာတွေ ငြိမ်သွားတဲ့အချိန်မှာ အားလုံးက ထွက်ပြီး မီးငြိမ်းသတ်ကြတယ် ၊စစ်တပ်က အာဏာရပြီးတဲ့ အချိန်ကစလို့ ဗန်းမောက်မြို့ပေါ်မှာ အခု ပစ်ခတ်မှုက ပထမဆုံး အကြိမ်ဖြစ်တယ် ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဗန်းမောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး နဲ့ မြို့နယ်စည်ပင်သာယာရုံး ၊ အဆောက်အဦးတချို့ ဗုံးခွဲတိုက်ခိုက်တာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဗန်းမောက်မြို့ဝင် စစ်ဆေးရေးဂိတ်နားမှာ ပစ်ခတ်တာတွေကြောင့် လူသေဆုံးတာနဲ့ မီးလောင်တယ်ဆိုတာ သိရတာဖြစ်ပြီး ၊ ဘယ်အဖွဲ့အစည်းနဲ့ ပစ်ခတ်ကြတယ်ဆိုတာ VOM က အခုထိ အတည်ပြုနိုင်တာ မရှိသေးပါဘူး ။

#voiceofmyanmar #VOM #ဗန်းမောက်

Related posts

Leave a Comment

VOM News

FREE
VIEW