NUG နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံဖို့ အာဆီယံကို မလေးရှားက အဆိုပြုမယ်

ကွာလာလမ်ပူ၊ မေ-၂-၂၀၂၂
မျိုးဆက်(VOM)

NUG နဲ့ အလွတ်သဘောထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ကို မလေးရှာနိုင်ငံက အဆိုပြုသွားမယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Datuk Seri Saifuddin Abdullah က မေ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိတာကြောင့် အခုလိုအဆိုပြုဖို့ စီစဉ်ရတာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

အာဆီယံအနေနဲ့ အခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ မိမိတို့အဆိုပြုတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဒီလိုအလွတ်သဘောထိတွေ့ဆက်ဆံမှုဟာ အထူးသဖြင့် မြန်မာနိုင်ငံကပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဘယ်လိုပေးနိုင်မလဲဆိုတာမျိုးကို တွေးတောကြံဆနိုင်ပါတယ်လို့ Datuk Seri Saifuddin Abdullah ကပြောပါတယ်။

မေ ၅ ရက်မှာ ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ နှစ်ဆတိုးပေးရေး၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အနေအထားတဲ့ လုပ်ငန်းတွေပိုမိုအားကောင်းခိုင်မာရေးစတဲ့ ကိစ္စတွေအပါအ၀င် အစည်းအဝေးမှာ အဆိုပြုမယ့်အချက်သုံးချက်ထဲမှာ NUG နဲ့ အလွတ်သဘောထိတွေ့ဆက်ဆံဖို့ အချက်လည်း ပါ၀င်နေပါတယ်။

မြန်မာနိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်နှစ်ဦးက အထူးကြိုးစားအားထုတ်ခဲ့ကြပေမယ့်လည်း ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ရာမှာ မြန်မာအာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် တိုးတက်မှုမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

Ref:Malay Mail
Photo:Bernama
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

✕
VOM News

FREE
VIEW