မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးကို အစည်းအဝေးအသံဖိုင်ပေါက်ကြားမှုနဲ့ ခေါ်ယူစစ်ဆေးနေ

မေ ၊ ၄-၂၀၂၂
SP (VOM)

မကွေးတိုင်းအစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဆိုသူကို အစည်းဝေး အသံဖိုင်ပေါက်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလ ၃ ရက်ညပိုင်းက ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မကွေး ထွေ / အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အရင်က ခဏခဏ ခေါ်စစ်တာတော့ရှိတယ် ၊ မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ဖမ်းသွားပြီလို့ကြားရတယ် ၊ အစည်းဝေး အသံဖိုင် ခိုးယူဖမ်းပြီး ပြည်ပရောက်မီဒီယာဆီ ပို့လို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောနေကြတာပဲ”လို့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက မကွေးတိုင်းအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုရဲ့မှတ်တမ်းအသံဖိုင် တရားမဝင်ကူးယူခံရပြီးနောက် အဲ့ဒီအသံဖိုင်ဟာ ပြည်ပရောက်မီဒီယာတခုဆီ အွန်လိုင်းကနေတဆင့် ရောက်ရှိသွားတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့ပါတယ်။

အဲ့ဒီနောက် အစည်းအဝေးအသံဖိုင် သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့အတွင်း ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေရှိခဲ့ပြီးနောက်ပိုင်း တိုင်းအတွင်းရေးမှူး ဦးဝင်းရှိန် ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး မကွေးတိုင်းအစိုးရဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဟာ အရင်က အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ရဲ့ အစိုးရအဖွဲ့မှာလည်း တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးတာဝန်ယူခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မကွေးတိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး #အစည်းအဝေးအသံဖိုင်ပေါက်ကြားမှုနဲ့ #ခေါ်ယူစစ်ဆေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW