မန္တလေးမီးသတ်၏ကနဦးကာလ

ဆူးငှက်

မန္တလေးသည် ၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်နေ့တွင် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၈၇ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၁နှစ်အကြာမှ မန္တလေးမီးသတ်ဌာနကို ၁၈၉၈ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မန္တလေးမီးသတ်ဌာန သက်တမ်းကား ယခု ၂၀၂၂ခုနှစ်တွင် ၁၂၄နှစ် တင်းတင်းပြည့်လေပြီ။

မန္တလေးမီးသတ်ကို စတင်တည်ထောင်စဉ်က တာဝန်ခံဗိုလ်မှာ မစ္စတာဝီလကင်ဆင်ဖြစ်သည်။ မီးသတ်ဌာန တည်ထောင်ပြီး မစ္စတာဝီလကင်ဆင်က တာဝန်ခံဗိုလ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုး မီးသတ်ဗိုလ် အဆက်ဆက်မှာ (၁) မစ္စတာ ဝီလကင်ဆင် (၂)မစ္စတာဒိုဇီ၊ (၃) မစ္စတာလစ်တယ်လ်၊ (၄) မစ္စတာဂင်းနစ်၊(၅) မစ္စတာနယူးလင်းတို့ဖြစ်ပြီး မြန်မာလူမျိုး မီးသတ်ဗိုလ်အဖြစ် ပထမဆုံးတာဝန်ယူခဲ့သူမှာ ဦးမောင်မောင်ဖြစ်သည်။

မန္တလေးမီးသတ်ဌာနကို တာဝန်ယူခဲ့ကြသည့် အင်္ဂလိပ်မီးသတ်ဗိုလ်များအနက် မစ္စတာနယူးလင်းမှာ မီးသတ်ပညာ အရည်အချင်းများနှင့် ထူးချွန်ပြည့်စုံသူဖြစ်ပြီး ပထမဆုံးမြန်မာမီးသတ်ဗိုလ် ဦးမောင်မောင်သည် မစ္စတာနယူးလင်း လက်အောက်တွင် ၁၃နှစ်ကြာမျှ
မီးသတ်ပညာများကို လက်ပွန်းတတီး သင်ယူခဲ့ရသည်ဟု သိရှိရသည်။

ထိုစဉ်က မီးသတ်စက်မှာ ရေနွေးငွေ့နှင့်မောင်းနှင်ရပြီးမြင်းများနှင့် ဆွဲရ၏။ ထို့ကြောင့် မီးငြိမ်းသတ်ရာတွင် ခက်ခဲနှောင့်နှေးတတ်သည်။ မီးသတ်အင်အားအနေနှင့်
မီးသတ်တာဝန်ခံချုပ်(မီးသတ်ဗိုလ်) ၁ဦး၊ ဒုတိယ တာဝန်ခံ ၁ဦး၊ ကားမောင်းသူ(နောက်ပိုင်းကာလများ) ၄ဦး၊ ရေနွေးအိုးစက်ဆရာ ၂ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်စိပ်မှူး ၃ဦး၊ မီးသတ် အလုပ်သမား ၃၂ဦး၊မင်းထိန်းဆရာ ၉ဦး၊ လက်သမာ ၁ဦး တို့ ပါဝင်သည်ဟု ဆိုသည်။ ထိုစာရင်းက ဒုတိယကမ္ဘာစစ် မဖြစ်မီက စာရင်းဟုလည်း သိရသည်။

ထိုစဉ်က မီးသတ်စက်များသည် မီးထိုးရေနွေးငွေ့အားသုံး စက်များဖြစ်သည့်အပြင် စက်များ တင်ဆောင်ထားသောယာဉ်ကို မြင်းများနှင့်ဆွဲရသောကြောင့် မီးလောင်လျှင်လောင်ချင်း အဆင်သင့် အသုံးပြုနိုင်ဖို့ အခက်အခဲရှိသည်။

ထို့ကြောင့် ၁၉၁၇ ခုနှစ်တွင် ဈေးချိုတော် ဂိုဒေါင်လေးတောင်ဘက်တိုက်တန်း မီးလောင်မှုတွင် မီးငြိမ်းသတ်နှောင့်နှေးမှုဖြင့် ဆိုင်ခန်း၆ခန်း ပျက်စီးသောကြောင့်မြူနီစီပါယ်ကို တရားစွဲသည်။ ရုံးတော်က မြူနီစီပါယ်ကို အနိုင်ပေးပြီး တရားလိုကို ဒဏ်ငွေသုံးရာကျပ် တပ်လေသည်။ ထိုငွေကို မီးသတ်ဌာနသို့ ချီးမြှင့်ခဲ့လေ၏။ ထိုကဲ့သို့ မီးသတ်စက်များနှောင့်နှေးမှုကြောင့် တရားစွဲခံရသည်ကို အကြောင်းပြုကာ ထိုနှစ်မှစ၍ ချက်ချင်း မီးသတ်ငြိမ်းသတ်နိုင်သော မော်တော်မီးသတ်စက်များကို မြူနီစီပယ်က မီးသတ်ဌာနအတွက် ဝယ်ယူ ဖြည့်တင်းခဲ့သည်။

မှတ်သားဖွယ် ထူးခြားမှုတစ်ခုမှာ မီးသတ်စက်များကို ဆွဲသောမြင်းများမှာ အလွန်လိမ္မာလှသည်ဆို၏။ မြင်းများ ၉ကောင်ရှိရာ ထိုမြင်းများ အားလုံးက သူတို့၏ တာဝန်ကို နားလည်သိတတ်လှသည်။ ညာဉ့်အချိန်မီးလောင်၍ မီးလှန့်ခေါင်းလောင်းသံကြားသည်နှင့်မြင်းများအားလုံး အိပ်နေရာမှ ရုတ်ခြည်းထကာ ချပ်ဝတ်တန်ဆာများ ဆင်သောနေရာသို့ အမြန်သွားကြသည်။ ချပ်ဝတ်တန်ဆာပလာများ ဝတ်ဆင်မှုခံပြီးသည်နှင့် မီးသတ်စက်လှည်းကို ဆွဲဖို့ အသင့်နေရာယူပြီးဖြစ်ကြသည်ဟု သိရသည်။ လိမ္မာတာဝန်ကျေလှသော မီးသတ်မြင်းများကို တစ်နေ့လျှင် အစာ ၃ကြိမ်ကျွေးရသည် ဟုလည်းဆို၏။

ဤသို့ အထနှေးလှသော ရေနွေးငွေ့သုံးမီးသတ်စက်ကို သုံးစွဲရသောကြောင့် မီးလောင်မှု၏ ၉၀ရာခိုင်နှုန်းမှာ မီးသတ်ရေကန်များထဲက ရေကို မီးသတ်သမားများက ပုံးဖြင့် ကိုယ်တိုင် သယ်ယူကာ ငြိမ်းသတ်ကြရသည် ဆို၏။ ထို့ကြောင့် မီးသတ်ဟူ၍ ထူးခြားသော စွမ်းရည်စွမ်းအားမရှိသောကြောင့် မိခင်မြူနီစီပယ်ဌာနက ပင်လျှင် မီးသတ်ဌာနသည်ငွေ ဖြုန်းတီးသောဌာနဟု
သုံးသပ်လာသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ခေတ်မီ မီးသတ်စက်များ မီးသတ်ယာဉ်များ သုံးစွဲပြီး မီးလောင်မှုများကို တားဆီးငြှိမ်းသတ်နိုင်မှ ထိုအမြင်လည်း ပြောင်းလဲကာ အားကိုးလာကြသည်ဟု ဆိုသည်။

ထိုစဉ်ကာလ မီးလောင်မှု အများစုမှာ သစ်ဝါးများသာ အသုံးပြုသော လူနေအိမ်ခြေများတွင် မီးကိုဂရုမစိုက်ဘဲ ပေါ့ဆစွာသုံးစွဲကြခြင်းကြောင့် မလောင်သင့် မလောင်ထိုက်ဘဲ လောင်ကျွမ်းဆုံးရှုံးခဲ့ကြရသည်ဟု မီးသတ်ဌာနက သုံးသပ်ခဲ့သည်။

ဥပမာအားဖြင့် သက္ကရာဇ် ၁၂၇၃ (ခရစ်နှစ်၁၉၁၁) ဝန်းကျင်ကလောင်ကျွမ်းခဲ့သော ကိုးတာမီးဟု အမည်တွင်သည့် မန္တလေးအနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက်ကြီးရှိ ကိုးတာရပ်မှ စတင်လာင်ကျွမ်းသော မီးကြီးသည် အဖိုးမတန်သော တဲငယ်လေးတစ်လုံးမှ ပေါ့ဆမီးကြောင့် မန္တလေးအနောက်ပြင်တစ်ခြမ်းလုံးရှိ လူနေရပ်ကွက်များသာမက သာသနိက အဆောက်အအုံ အတော်များများ မီးဘေးသင့် ဆုံးရှုံးခဲ့ရဖူးသည်။ ကိုးတာမီးကြောင့် အိမ်ခြေပေါင်း ၁၃၀၀ကျော်၊ စက်ရုံပေါင်း ၁၆လုံး၊ မိုးကောင်းကျောင်းတိုက်ကြီးမှ ကျောင်းဆောင်များ၊ မဟာလောကရံသီ အိမ်တော်ရာစေတီဝင်းအတွင်းမှ ၁၄ခန်းဇရပ် အပါအဝင် ဇရပ်တန်ဆောင်းများ မီးဘေးသင့်ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က မီးသတ်စက်များ ခေတ်မမီမှု၊ ရေရှာပါးမှုများကြောင့် တစ်ဦးတစ်ယောက် ပေါ့ဆမှုမှသည် ကြီးမားနစ်နာသော ဆုံးရှုံးမှု ကြုံတွေ့ရခြင်းဖြစ်သည်ဟု သိရ၏။

ကိုးတာမီးကြီးလောင်စဉ်က ၇ရက်နှင့် ၇ညတိုင် မီးငြိမ်းသတ်ခဲ့ရသကဲ့သို့ ထိုစဉ်က မီးလောင်ကျွမ်းမှုများတွင် မြို့လူထုက အကူအညီပေးရကောင်းမှန်း မသိကြပါဟု ပထမဆုံး မြန်မာလူမျိုး မီးသတ်ဗိုလ်ဖြစ်သည့် ဦးမောင်မောင်က လူထုသတင်းစာတွင် မန္တလေးမီးသတ်ဌာနရာဇဝင်ဟူ၍ ရေးသားခဲ့သည်။ မီးသတ်တာဝန်ခံချုပ်၊ မန္တလေးမြူနီစီပယ်ဟု သူ၏ရာထူးကိုဖော်ပြထားသည့် (၁၃၊၃၊၅၃) ရက်စွဲပါ ထိုအစီရင်ခံစာတွင်
မြို့ပေါ်တွင် မီးသတ်ဌာနခွဲများ အလျင်အမြန်ဖွင့်လှစ်ရန် အရေးကြီးကြောင်းလည်း ထည့်သွင်းရေးသားခဲ့၏။

မန္တလေးမီးသတ်ဌာန၏ စွမ်းဆောင်ချက်များတွင် ၁၉၄၂ခုမှ စတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးကာလတွင် မီးသတ်အဖွဲ့သည် စစ်ကို မတိမ်းရှောင်ဘဲ မြို့၏ စစ်ဘေးကြောင့်ဖြစ်ပွားနေသော မီးဘေးများကို ငြိမ်းသတ်ခဲ့ရာ တာဝန်များဆောင်ရွက်နေစဉ် ဗုံးဒါဏ်ကြောင့် မီးသတ်ရဲဘော် ၂ဦး အသက်ဆုံးခဲ့ရသည်။ စစ်ကြီးအပြီး၌ မီးသတ်ဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသောအခါ မီးသတ်တာဝန်ခံချုပ် ၁ဦး၊ ဒုတိယတာဝန်ခံ ၁ဦး၊ ကားမောင်းသူ ၈ဦး၊ တပ်စိတ်မှူး၄ဦး၊ မီးသတ် အလုပ်သမား ၃၂ဦးတို့ဖြစ်သောကြောင့် မြင်းများနှင့်သာ ဆွဲရသော ရေနွေးငွေ့သုံး မီးသတ်စက်များအစား ခေတ်မီ မီးသတ်မော်တော်ယာဉ်များ အသုံးပြုလာကြောင်း သိရှိရသည်။

ထို့ပြင် ၁၉၄၉ခုနှစ် ပြည်တွင်းစစ်ကာလ မန္တလေးတွင် တိုင်းရင်းသားတပ်များ သိမ်းပိုက်စဉ်ကာလတိုက်ပွဲများဖြစ်ပွားစဉ်ကလည်း ၈၃လမ်းတွင် တာဝန်ထမ်းဆောင်နေသော မီးသတ်ရဲဘော်များ ဒါဏ်ရာရကြပြီး ၂ဦး အသက်ဆုံးခဲ့သည်။ ထိုစဉ်ကာလ မီးလောင်မှု ၂၇ကြိမ်ကို ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်ဌာနကိုလည်း စောင့်ရှောက်နိုင်ခဲ့ရာ ပစ္စည်းများဆုံရှုံးမှု တစ်စုံတစ်ရာဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရှိရပါ၏။ ထို့ကြောင့် မန္တလေးကိုအစိုးရက ပြန်လည်သိမ်းပိုက်ပြီးနောက် ၁၉၄၉ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် မီးသတ်ဌာနကို အစိုးရနှင့် မြို့မိမြို့ဖများက ချီးကျူး ဂုဏ်ပြုခဲ့သည်။

မီးသတ်တာဝန်ခံချုပ် ဦးမောင်မောင်သည် မီးသတ်ရုံကြီး (ယခု ၂၉လမ်း၊ ၈၁လမ်းနှင့်
၈၂လမ်းကြား၊ ဗဟိုမီးသတ်)နှင့် မျက်နှာချင်းဆိုင်တွင်နေထိုင်ခဲ့၍ မီးသတ်လုပ်ငန်း၊ မီးသတ်ဌာနနှင့်ပတ်သက်၍ ပါရမီရှင်ဟု ဆိုရလောက်အောင် မျက်စိရည်ဝ၊ နားရည်ဝနေသူဖြစ်ပါသည်။ တက်လာသောမီးခိုး၊ မီးညွန့်ကိုကြည့်၍ ဘာပစ္စည်းလောင်တာ၊ ဘယ်အရပ်ကလောင်တာ၊ ဘယ်လိုဆက်လောင်နိုင် မလောင်နိုင်၊ ဘယ်သို့ငြိမ်းသတ် ဆိုတာ တစ်ချက်တည်း ဆုံးဖြတ်နိုင်သည်။ မီးသတ်ကားကို ဘယ်ကသွား၊ ဘယ်လမ်းဝင်၊ ဘယ်ဘက်ကပက် ဟုလည်း တစ်ချက်တည်း ပြန်ကြားနိုင်သည်။ ဦးမောင်မောင်၏ သားသမီးများတွင် ဦးခင်မောင်သည်လည်း မီးသတ် တာဝန်ခံဗိုလ်ဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

 

Related posts

Leave a Comment

VOM News

FREE
VIEW