မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာလာယူတဲ့ လူ ၃ ဦးကို မြို့နယ် ထွေ/အုပ်ရုံးက ဖမ်းဆီးထား

မေ ၊ ၃-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၂ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေ/အုပ်ရုံးကို မနေ့ မေ၂ရက် နေ့လယ်ပိုင်းက နိုင်ငံသားမှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာ လာယူတဲ့ လူ ၃ ဦးကို အဲ့ဒီထွေ/အုပ်ရုံးက ဖမ်းဆီးထားလိုက်တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

” လဝက ရုံးမှာ မှတ်ပုံတင်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာလိုတယ် ၊ ရွာတွေမှာက အုပ်ချုပ်ရေးမှူး မရှိတော့ ထောက်ခံစာပေးမယ့်သူ မရှိဘူး၊ အဲ့ဒါကြောင့် မြို့နယ် ထွေ / အုပ်ရုံးကို ထောက်ခံစာသွားယူရတာပါ ၊ ထောက်ခံစာလာယူတဲ့သူတွေကို အဲ့ဒီရုံးက ဖမ်းထားလိုက်တာ “လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မြိုင်မြို့နယ် ၊ ပန်းတိုင်တော အနောက်ရွာမှာနေတဲ့ မရွှေစင်မိုး ၊ မြိုင်မြို့နယ် ၊ အောင်သုခကျေးရွာနေ မမော်လီရွှန်း နဲ့ မြိုင်မြို့နယ် ၊ စူလီပန်ကျေးရွာနေ မောင်စိုးမင်း ဆိုတဲ့ လူ ၃ ဦးဟာ မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာယူရင်း အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

အဲ့ဒီ လူ ၃ ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး မြိုင်မြို့နယ် ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ထောက်ခံစာ လာယူတဲ့သူတိုင်းကို ဖမ်းနေတာမျိုး မဟုတ်ပါဘူး ၊ စီစစ်ပြီး ထောက်ခံစာပေးနေပါတယ် ၊ အခု လူ ၃ ဦးကို စစ်ဆေးလိုက်တဲ့အခါ အများပြည်သူ အထိတ်တလန့်ဖြစ်စေအောင် ၊ ဆူပူမှုဖြစ်အောင် ၊ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်အောင် လုပ်ကြံဖန်တီးနေတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ် ၊ ဖုန်းသက်သေတွေကြောင့် ဖမ်းဆီးလိုက်တာ”လို့ ပြောပါတယ်။

အဲ့ဒီလို ထောက်ခံစာလာယူတဲ့သူတွေကို ထွေ/အုပ်ရုံးက ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် မြိုင်မြို့နယ်မှာ ထောက်ခံစာ ယူခြင်တဲ့သူတွေ အခက်တွေ့နေရတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #ထောက်ခံစာလာယူသူ၃ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW