ရေစကြိုမြို့မှာ လူငယ် ၆ ဦးရဲ့ နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း

မေ ၊ ၃-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တွေရဲ့နေအိမ်အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို မနေ့ မေလ ၂ရက်နေ့က နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

” စစ်တပ်က ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားလို့ဆိုပြီး စစ်တပ်က လိုက်ဖမ်းတဲ့အခါ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ် ၆ ဦးရဲ့မိသားစုတွေ လက်ရှိနေထိုင်နေတဲ့ အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို ချိတ်ပိတ်သိမ်းဆည်းခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။

မနေ့ မနက်ပိုင်းက ရေစကြိုမြို့ ၊ အမှတ် ၇ ၊ ငါးရာပြည့်ရပ်ကွက်နေ ကိုအောင်ကျော်ဖြိုး ခေါ် ကိုကြက်ကြီး ရဲ့နေအိမ် ၊ အမှတ် ၃ ရပ်ကွက်နေ ကိုဟိန်းထက်စံရဲ့နေအိမ် ၊ အမှတ် ၈ ၊ သုခဝတီရပ်ကွက်နေ မမျိုးမျိုးရဲ့နေအိမ် ၊ အမှတ် ၈ ရပ်ကွက်နေ ၊ မခင်မာရီရဲ့နေအိမ် ၊ အမှတ် ၁ ရပ်ကွက်နေ ကိုမျိုးဝင်းရဲ့ နေအိမ် နဲ့ ရေစကြိုမြို့နယ် ၊ မအူ (အလယ်)ကျေးရွာက ကိုဝေယံနိုင်ရဲ့ နေအိမ် အဆောက်အဦး၊မြေနေရာတွေကို ချိတ်ပိတ်သိမ်းဆည်းခံရတာ ဖြစ်ပါတယ်။

အဲ့ဒီလို ချိတ်ပိတ်သိမ်းဆည်းတဲ့အချိန်မှာ တိမ်းရှောင်နေရတဲ့ လူတွေရဲ့ မိသားစုဝင်တွေဟာ နေထိုင်နေရာကနေ ထွက်ပေးရတာဖြစ်တဲ့အတွက် အဲ့ဒီမိသားစုတွေအနေနဲ့ နေထိုင်ဖို့အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ လူနေအဆောက်အဦးနဲ့ မြေနေရာတွေကို နိုင်ငံတော်ပိုင် ချိတ်ပိတ်သိမ်းဆည်းတာ အရင်ကလည်း ရှိခဲ့ဘူးပေမယ့် အခုလို အရေအတွက် မများခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ပခုက္ကူခရိုင်က ပေါက်၊ ကမ္မ ၊ မြိုင် ၊ရေစကြို ၊ ဆိပ်ဖြူ မြို့တွေမှာလည်း အလားတူ အဆောက်အဦး နဲ့ မြေနေရာတွေကို နိုင်ငံတော်ပိုင် ချိတ်ပိတ်သိမ်းဆည်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို #လူငယ်ခြောက်ဦး #အဆောက်အဦးနေအိမ် #ချိတ်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW