သက်တမ်းကုန်ခါနီး ကိုဗစ်ကာကွယ်ဆေး ၅သန်း ဖိလစ်ပိုင်က မြန်မာကို လှူဖို့စီစဉ်နေ

 

မနီလာ၊ မေ-၃-၂၀၂၂
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံဟာ သက်တမ်းကုန်ခါနီးနေပြီဖြစ်တဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ၅သန်းကို မြန်မာနိုင်ငံအတွက် လှူဖို့စဉ်းစားနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတဦးက မေ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံလူဦးရေသန်း ၁၁၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးတွေ ၀ယ်ယူဖို့ ပြီးခဲ့တဲ့နှစ်က လွန်စွာအားထုတ်ခဲ့ပြီးတဲ့နောက် အခြားနိုင်ငံတခုကို အခုလိုလှူဒန်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့နိုင်ငံမှာ ကာကွယ်ဆေးတွေ အလုံအလောက်ရှိနေပြီလို့ ဆိုပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေးတွေကို လှူဒန်းဖို့ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန လက်ထောက်အတွင်း၀န် Maria Rosario Vergeire ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ သန်းအနက် ကိုဗစ်ကာကွယ်ဆေးထိုးပြီသူဟာ ထက်၀က်ကျော်သာရှိသေးတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ လက်ရှိချိန်ထိ နိုင်ငံလူဦးရေရဲ့ ၆၇ ဒသမ ၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးဖြစ်ပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW