စစ်ကိုင်းမြို့က သုခသစ္စာ အထွေထွေရောဂါကုဆေးရုံ ချိတ်ပိတ် သိမ်းဆည်းခံရ

မေ ၊ ၁၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာရှိတဲ့ ” သုခသစ္စာ ” အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကို မနေ့ မေ ၉ ရက် နေ့လယ်ပိုင်းမှာ ရဲနဲ့ စစ်သားတွေက နိုင်ငံတော်ပိုင်အဖြစ် လာရောက်ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ လာရောက် ချိတ်ပိတ်သွားတာဖြစ်တယ် ၊ သုခသစ္စာဆေးရုံအဆောက်အဦးနဲ့ မြေနေရာအပြင် ပိုးတန်းရပ်ကွက် ၊ နန်းတော်ရာရပ်က ကိုကျော်နောင်နောင်ဝင်းရဲ့အဆောက်အဦးနဲ့ မြေနေရာတွေကိုပါ ချိတ်ပိတ်သိမ်းဆည်းတာ ” လို့ စစ်ကိုင်းမြို့ခံ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက်က စစ်ကိုင်းမြို့ရှိ ဒေါက်တာ အေးသီခိုင် အပါအဝင် လူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုကာ အခုလို အိမ်ဝန်းခြံမြေတွေနဲ့ လူနေ အဆောက်အဦးတွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို အဆောက်အဦးနဲ့ မြေနေရာတွေ ချိတ်ပိတ်သိမ်းဆည်းခံရတာဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၀ ကျော်မှာ အရေအတွက်ပေါင်း ၁ ရာ နီးပါးရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက ” အဆောက်အဦးနဲ့ မြေနေရာတွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခံရတာက ရွှေဘိုခရိုင် ၆ မြို့နယ်နဲ့ မုံရွာခရိုင် ၄ မြို့နယ်မှာ ပထမအများဆုံး နေရာမှာရှိပြီး ကျန်ခရိုင်တွေမှာက ဒုတိယတန်း လိုက်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ အဆောက်အဦး နဲ့ မြေနေရာပိုင်ရှင်တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ CDM ဝန်ထမ်းတွေ ၊ လွှတ်တော်ကိုယ်စားလှယ် ဟောင်းတွေနဲ့ ဆရာဝန်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #သုခသစ္စာဆေးရုံ #ချိတ်ပိတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW