မြန်မာ့အရေး ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကပါ၀င်ဖို့ အာဆီယံကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊ မေ-၁၂-၂၀၂၂
မျိုးဆက်(VOM)

မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ယခုထက်ပိုထိရောက်တဲ့အခန်းကဏ္ဍကနေ ပါ၀င်ကြဖို့ အမေရိကန်က လိုလားကြောင်း အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကာ့ကမ်းဘဲလ်က မေ ၁၁ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဝါရှင်တန်မှာပြုလုပ်မယ့်ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး သံတမန်ရေးရာ ကြိုးစားအားထုတ်ဖို့ မေ ၁၁ နဲ့ ၁၂ ရက်မှာ ပြုလုပ်မယ့် အမေရိကန် -အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိမ့်မယ်လို့ ကမ်းဘဲလ်က ပြောပါတယ်။

လက်ရှိ မြန်မာအာဏာပိုင်တွေရော အတိုက်အခံတွေပါ ရှေ့ဆက်ပြီးဘယ်လို ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ အစပြုမှုတွေကို လုပ်ဆောင်ဖို့ မိမိတို့မျှော်လင့်ကြောင်း သူကပြောပါတယ်။

အမေရိကန်အနေနဲ့ အခြားမိတ်ဖက်တွေနဲ့လက်တွဲပြီး မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် နောက်ထပ် အရေးကြီးတဲ့ သံခင်းတမန်ခင်းတွေမှာ အာဆီယံအနေနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်းပါ၀င်ဆောင်ရွက်စေလိုကြောင်း ကာ့ကမ်းဘဲလ်က တိုက်တွန်းပြောဆိုပါတယ်။

Ref: Straits Times
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW