မန္တလေးမြို့မှာ အမျိုးသမီး၂ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံရပြီး ရွှေ၊ငွေပစ္စည်းအချို့ ပျောက်ဆုံးနေ

မေ ၂၁-၂၀၂၂
VOM

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း၊ ၃၃-၃၄လမ်းကြား၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ အမျိုးသမီး၂ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံရတဲ့ဖြစ်စဉ် ဒီကနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အသတ်ခံရသူ၂ဦးဟာ အိမ်ရှင်ဖြစ်သူ အသက်၆၁နှစ်အရွယ် အမျိုးသမီးနဲ့ သမီးဖြစ်သူ ၃၅နှစ်အရွယ်အမျိုးသမီးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

” အိမ်ရှင်ဖြစ်တဲ့အမျိုးသမီးက နောက်ဖေးမီးဖိုခန်းမှာ လက်နောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကို အဝတ်နဲ့ စည်းထားတယ်၊ လည်ပင်းထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ၊ ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာတွေ့တယ်၊ သမီးဖြစ်သူက အိမ်ရှေ့ဧည့်ခန်းထိုင်ခုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကိုအဝတ်နဲ့စည်းပြီး လည်ပင်း ထိုးသွင်းဒဏ်ရာ ၊ ရင်အုံထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတယ်”လို့ သူကပြောပါတယ်။

မန္တလေးမြို့ခံတဦးကလည်း “PDF ကို ထောက်ပံ့လို့ဆိုပြီး သတ်တာ၊ လက်ကိုနောက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ခုတ်သတ်သွားတာ၊ ဓားဒဏ်ရာတွေအများကြီးပဲ”လို့ ပြောပါတယ်။

သေဆုံးသူ(၂)ဦးရဲ့ လည်ပင်းမှာလည်း သွေးသောက်အဖွဲ့ နာမည်နဲ့ လည်ဆွဲကဒ် ချိတ်ဆွဲထားတာကို ရဲတပ်ဖွဲ့က စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေရာက အိမ်ပိုင်ရှင်အမျိုးသမီး ဝတ်ဆင်ထားတဲ့ရွှေလက်ကောက်၂ကွင်း၊နေအိမ်အတွင်းရှိ (Scoopy)ဆိုင်ကယ်(၁)စီး၊ သမီးဖြစ်သူ ဝတ်ဆင်ထားတဲ့ နားကဒ်(၁)ရံ၊ ဆွဲကြိုး(၁)ကုံး၊ နေအိမ်အောက်ထပ် ဗီဒိုအတွင်းမှ ငွေကျပ်(၃၂) သိန်းခန့်တို့လည်း ပျောက်ဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

သွေးသောက်အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း သေဆုံးသူရဲ့ သားသုံးဦးဟာ မြိုင်PDF တပ်ရင်း ၄မှ တပ်ဖွဲ့ဝင်သုံးဦးဖြစ်တဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

တချို့ လူမှုကွန်ရက်တယ်လီဂရမ်စာမျက်နှာတွေမှာလည်း အသတ်ခံရသူ ၂ဦးဟာ မြိုင်PDFအဖွဲ့ဝင်တဦးရဲ့ မိခင်ဖြစ်သူနဲ့ ညီမဖြစ်တယ်လို့ ရေးသားထားကိုလည်း တွေ့ရပြီး VOMအနေနဲ့တော့ ဘာကြောင့် အသတ်ခံရတာလဲဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်နေ့ မနက်အစောပိုင်းကလည်း မန္တလေးမြို့၊ မြို့ပတ်လမ်းအနီးမှာ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသားတဦးလည်း သွေးသောက်အဖွဲ့လည်ဆွဲကဒ်ချိတ်ဆွဲကာ အသတ်ခံခဲ့ရသလို အဲ့ဒီရက်ပိုင်းကပဲ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း ကမ်းနားလမ်းအနီးမှာ အမျိုးသားတဦး သေနတ်ဒဏ်ရာနဲ့ သွေးသောက်လည်ဆွဲချိတ်ဆွဲလျက် အသတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အမျိုးသမီး၂ဦး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW