အမေရိကန်သမ္မတရဲ့အာရှခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၂၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ခရီးစဉ်ကာလအတွင်း ပိုင်ဆိုင်ခွင့်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်နေပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို မေ ၁၉ ရက်မှာစတင်ခဲ့တာဖြစ်ပြီး မေ ၂၃ ရက်ထိ ပြုလုပ်သွားမယ်လို့ ဟိုင်နန်ပြည်နယ် ပင်လယ်ရေကြောင်းလုံခြုံရေး စီမံခန့်ခွဲမှု ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့ ပင်လယ်ပြင်ဒေသအတွင်းကို အခြားသင်္ဘောတွေ ၀င်ရောက်မှုကို ပိတ်ပင်ထားတယ်လို့ အဲဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတရဲ့ ပထမဆုံးအာရှခရီးစဉ်အတွင်း အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်တာလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ တောင်ကိုရီးယားနိုင်ငံကို မေ ၂၀ ရက်မှာ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံဆွေးနွေပြီးနောက် အဲဒီကတဆင့် ဂျပန်နိုင်ငံကို ဆက်လက်သွားရောက်မှာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ ပင်လယ်ရေကြောင်းဆိုင်ရာ လွတ်လပ်စွာခုတ်မောင်းသွားလာမှုအဖြစ် တောင်တရုတ်ပင်လယ်ဒေသသို့ စစ်သင်္ဘောတွေ မကြာခဏဆိုသလို စေလွှတ်လေ့ရှိပြီး ဒီကိစ္စအပေါ် တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပါတယ်။

Ref: AP
Photo:AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW