ပေါင်မြို့နယ်မှာ ငါးဖမ်းသွားတဲ့ အမျိုးသား၆ဦးအနက် ၅ ဦး ရေစီးနဲ့ပါသွား

မေ ၂၁-၂၀၂၂
KK(VOM)

ပေါင်မြို့နယ်မှာ မနေ့ မေလ ၂၀ရက် ညနေပိုင်းက ဘိုင်လောင်းချောင်းအတွင်း ငါးဖမ်းနေတဲ့ လူ ၆ဦးထဲက လူ၅ဦး ရေစီးထဲမျှောပါသွားလို့ လိုက်လံရှာဖွေနေတယ် ဒေသခံတွေဆီက သိရပါတယ်။

ပေါင်မြို့နယ်၊ တပ်မှူးချောင်ကျေးရွာအနီး ဘိုင်လောင်းချောင်းအတွင်းမှာ မနေ့ညနေပိုင်းက ယင်းတွန်းနဲ့ ငါးဖမ်းနေစဥ် ရေစီးနဲ့၆ဦးလုံးမျှောပါသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၆ဦးမျှောပါသွားတာ တစ်ဦးပြန်တွေ့တယ် ၅ဦးကတော့ မတွေ့သေးဘူး ရှာနေဆဲပဲ”လို့ သူကပြောပါတယ်။

ရေစီးကြောင်းနဲ့အတူ မျှောပါခဲ့သူတွေထဲက မောင်ဇော် ဆိုသူကို ထန်းပင်ချောင်ကြီး ချောင်းစပ်အနားမှာ နာရီပိုင်းအတွင်း အသက်ရှင်လျက် ပြန်တွေ့ ကယ်တင်နိုင်ခဲ့ပြီး ကျန်၅ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရေစီးနဲ့မျှောပါသွားသူတွေကတော့ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာမှ သက်ထက်ချစ်ဦး၊ မောင်အာကာမိုး၊ ကျော်ဝင်းထွန်း၊ သန့်ဇင်ထွန်းနဲ့အမည်မသိအမျိုးသားတဦးဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

လက်တလောမှာ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်တွေ့ရှိရေးအတွက် တာဝန်ရှိသူတွေနဲ့ နယ်မြေကျွမ်းကျင်သူတွေက ဆက်လက်ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ပေါင်မြို့နယ်မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်လို့ နေအိမ်အချို့နဲ့ သစ်ပင်တွေ ပြိုကျပျက်စီးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပေါင် #ငါးဖမ်းသူ #ရေစီးမျှောပါသွား

Related posts

Leave a Comment

VOM News

FREE
VIEW