မြောင်မြို့နယ် မီးသတ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးငယ် ၂ ဦးနဲ့ မီးသတ်၁ ဦး ဒဏ်ရာရ

မေ ၊ ၂၂-၂၀၂၂
SP (‘VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ ဝန်ထမ်းအိမ်ယာဝန်းထဲကို မနေ့ မေလ၂၁ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီကနေ့ ညနေပိုင်းမှာ ဒရုန်းမှာ ဗုံးချိတ်ပြီး လာရောက်တိုက်ခိုက်တာ ၂ ကြိမ်ဖြစ်တယ် ၊ ပထမအကြိမ်က ညနေ ၂ နာရီမှာဖြစ်တယ် ၊ ထိခိုက်ပျက်စီးတာ ဒဏ်ရာရတာ လုံးဝမဖြစ်ခဲ့ဘူး ၊ ဒုတိယအကြိမ်က နာရီဝက်ခြားပြီး ၂ နာရီခွဲမှာ ထပ်ပြီး အလားတူ လာတိုက်ပြန်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် မြောင်မြို့နယ် မီးသတ်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဝန်ထမ်းမိသားစုထဲက အသက် ၁၄နှစ် အရွယ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ကို ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက ” ဒရုန်းမှာ အီနာဂါ Drop ဗုံးသီးချိတ်ဆွဲပြီး ကောင်းကင်ကနေ ပစ်ချတိုက်ခိုက်တာမျိုးဖြစ်တယ် ၊ ပထမအကြိမ်မှာ ထိရောက်မှုမရှိဘူး ၊ ဒုတိယအကြိမ်မှာတော့ ကလေး ၂ ယောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီအပြင် မီးသတ်ယာဥ် ၁ စီးလည်း ရှေ့လေကာမှန် ပျက်စီးသွားတာ”လို့ ပြောပါတယ်။

မြောင်မြို့နယ်မှာ ဌာနဆိုင်ရာ မော်တော်ကားတချို့ သွားလာတဲ့အခါ မိုင်းစထိမှန်တာ ရှိခဲ့ပေမယ့် မြို့နယ်အဆင့် ရုံးဌာနကို အခုလို ပေါက်ကွဲမှုဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင် #မီးသတ်စခန်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW