လေပြင်းမုန်တိုင်းကြောင့် ရခိုင်စစ်ရှောင်နေအိမ် ၂၀၀ထက်မနည်း ပျက်စီးသွား

မေ ၂၁-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်မှာ ဒီကနေ့ မေလ ၂၁ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး စစ်ဘေးရှောင်နေအိမ်ပေါင်း ၂ ရာကျော် ပျက်စီးသွားပြီး လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးဘူးလို့ စစ်ရှောင်တွေနဲ့ စခန်းတာဝန်ခံတွေဆီက သိရပါတယ်။

ရသေ့တောင်မြို့ပေါ်က စစ်မှုထမ်းဟောင်းစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်ဂေါက်မ က “အိမ်တွေကတော့ လုံးဝပြိုသွားတာမဟုတ်ဘူး။ ခေါင်မိုးပွင့်ထွက်သွားပါတယ်။ အိမ်ခြေ (၇၁) ဆောင်မှာ (၂၀) ကျော်လောက် ခေါင်းမိုးတွေပွင့်သွားပါတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့ပေါ် စေတီတောင်အနောက်ဘက် စစ်ဘေးရှောင်စခန်းမှာလည်း နေအိမ် (၆၀) ကျော်လောက် ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စခန်းတာဝန်ခံ မမေစုလှိုင်က “ စစ်ဘေးရှောင် တဲအိမ်တွေကတော့ အခေါင်ပွင့်သွားတာ၊ ယိမ်းယိုင်သွားတာတွေရှိတယ်။ အပင်အကိုင်းတွေလည်း ကျိုးသွားတယ်။ လူတွေအန္တရယ်တစ်စုံတစ်ရာမဖြစ်လိုက်ဘူး။ အခုတော့ ရှိတာလေးနဲ့ ပြန်ပြုပြင်ပြီး အဆင်ပြေသလိုနေကြရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက စစ်ဘေးရှောင်စခန်းမှာလည်း စစ်ဘေးရှောင်နေအိမ် ၁၀လုံးကျော်နဲ့ ကျေးရွာတွင်းက လူနေအိမ်ခေါင်မိုးတွေ ပျက်စီးမှုရှိခဲ့ပြီး သစ်ပင်သစ်ကိုင်းတွေလည်း လေပြင်းကြောင့် ကျိုးသွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းအများစုရဲ့တဲအိမ်တွေဟာ ဟိုဟောင်းနေပြီဖြစ်တဲ့အတွက် နောက်ထပ် လေပြင်းတိုက်ခတ်တာနဲ့ မုန်တိုင်းတိုက်ခတ်တာတွေရှိလာရင်တော့ ခံနိုင်ရည်မရှိဘဲ ပြိုလှဲသွားနိုင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်က စစ်ဘေးရှောင်စခန်းတွေ အများစုရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ ရသေ့တောင် အစရှိတဲ့ မြို့နယ်တွေမှာ ဒီကနေ့ စစ်ဘေးရှောင်တဲအိမ် ရာနဲ့ချီ ပျက်စီးမှုနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှာလည်း စစ်ဘေးရှောင်းတဲအိမ် (၅၀) ကျော်လောက်ပျက်စီး ဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ပြောပါတယ်။

“လေတိုက်သွားတာ တဲအိမ်တွေ ဆိုးဆိုးဝါးဝါးပျက်စီးသွားတယ်။ စစ်ဘေးရှောင်တွေကတော့ နေရပ်ပြန်သွားသူတွေနေခဲ့တဲ့ တဲအိမ်တွေမှာ အဆင်ပြေသလိုနေကြရတယ်။ စားနပ်ရိက္ခာနဲ့ နေထိုင်စရာအိမ် အမြန်ဆုံးလိုအပ်နေတယ်” လို့ သူကပြောပါတယ်။

အဲဒီလို စစ်ဘေးရှောင်တွေနေထိုင်ရာ တဲအိမ်တွေပျက်စီးသွားတာကြောင့် နေရာအခက်အခဲနဲ့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လက်ရှိမှာ မိုးတွင်းကာလလည်းရောက်ရှိလာတဲ့အတွက် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို အချိန်မီပြုပြင်နိုင်ဖို့လိုအပ်နေပြီး အကူအညီတွေ မရရင် စစ်ဘေးရှောင်တွေ နေထိုင်ရေးအတွက် ပိုမိုဆိုးရွားသွားမှာကို စစ်ရှောင်တွေကစိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ လေပြင်းမုန်တိုင်းတွေကျရောက်လေ့ရှိတတ်ပြီး နှစ်စဉ်ပျက်စီးဆုံးရှုံးမှု အနည်းနဲ့အများရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း ပြည်နယ်တွင်း ရုတ်တရက် မိုးသက်လေပြင်းတွေကျရောက်တာကြောင့် စစ်ဘေးရှောင်စခန်းတော်တော်များများမှာ တဲအိမ်တွေ ရာနဲ့ချီ ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်တာမရှိသေးဘူးလို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ မိုးသက်လေပြင်းတွေ ကျရောက်တာကြောင့် ရခိုင်ပင်လယ်ပြင်မှာ လှိုင်းကြီးခဲ့ပြီး မြေပုံမြို့နယ်မှာ စက်လှေတစီးနစ်မြုပ်ခဲ့ပေမယ့် သေဆုံးသူမရှိခဲ့ဘူးလို့ သိရတယ်။

ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကလည်း ဒီကနေ့လေပြင်းတိုက်ခတ်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ သူဆီကို သတင်းတွေရောက်မလာသေးကြောင်းနဲ့ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြလာဖို့ရှိနေတယ်လို့ ပြောပါတယ်။

ဒီကနေ့မှာ လေပြင်မုန်တိုင်းကြောင့် ရသေ့တောင်မြို့ပေါ် စေတီတောင်အနောက်ဖက်စစ်ဘေးရှောင်စခန်းမှာ ပျက်စီးသွားတဲ့ စစ်ဘေးရှောင်စခန်းအရေအတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက စာရင်းလာကောက်ခံသွားတယ်လို့ တာဝန်ခံ မမေစုလှိုင်ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စစ်ရှောင်နေအိမ် #မုန်တိုင်း #ရာနဲ့ချီပျက်စီးသွား

Related posts

Leave a Comment

VOM News

FREE
VIEW