ပြင်ဦးလွင် မြိုင်ကြီးကွေ့မှာ ကုန်တင်ကားမှောက်ပြီး ယာဉ်မောင်းသေဆုံး၊ယာဉ်နောက်လိုက်ဒဏ်ရာရရှိ

မေ ၂၆-၂၀၂၂
SP+ GG(VOM)

ပြင်ဦးလွင်မြို့၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးလမ်း မိုင်တိုင်အမှတ် ၅၁/၃ နဲ့ (၅၁/၄)ကြား မြိုင်ကြီးကွေ့မှာ ဒီနေ့မေလ ၂၆ ရက် မနက်ပိုင်းက သံပြားတွေတင်လာတဲ့ ကုန်တင်ကားတစီးတိမ်းမှောက်လို့ ယာဉ်မောင်းအမျိုးသားတဦးသေဆုံးပြီး ယာဉ်နောက်လိုက်အမျိုးသားတဦးလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ ယာဉ်နောက်လိုက်ကို ကားထဲကနေ အချိန် ၂နာရီကျော်အကြာ ကယ်ထုတ်ခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးရုံကိုပို့ဆောင်ပြီးနောက် လက်ရှိမှာ အသက်ဘေးကနေ လွတ်သွားပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးပြုလုပ်ခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

” ယာဉ်မောင်းကတော့နေရာမှာပဲ ပွဲချင်းပြီးသေတယ်။သူက ကားပေါ်ကနေခုန်ချပြီး သေတဲ့အနေအထားလို့ ကျနော်တို့ယူဆတယ်။စပါယ်ယာကတော့ ကားနဲ့ညပ်နေလို့အချိန်၂နာရီလောက်ဆွဲထုတ်ခဲ့ရတယ်။ ကားညပ်လို့ စိုးရိမ်တဲ့ အတွင်းဒဏ်ရာရှိပေမယ့်အခုတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး၊ အသက်ရှင်ကျန်တဲ့သူက ကျောက်ပန်းတောင်းဘက်ကလို့သိရတယ်။အသက်က ၂၆ ပါ” လို့ သန္တိသုခလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တယောက်က ” သံပြားတွေတင်ဆောင်လာတဲ့ ကုန်ကားမှောက်တာပါ ၊ ယာဥ်မောင်းကတော့ နေရာမှာတင် ဆုံးသွားတယ်၊ ယာဥ်နောက်လိုက်ကတော့ ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် သန္တိသုခ လူမှုကူညီရေးကားနဲ့ ပြင်ဦးလွင်ဆေးရုံကို ပို့လိုက်တာ ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရ ယာဉ်နောက်လိုက်ကို ပြင်ဦးလွင်မြို့မပြည်သူ့ဆေးရုံမှာကုသမှုပေးနေပြီး ဒဏ်ရာရရှိမှုအနေနဲ့က နဖူးနဲ့ညာဘက်လက်ထိခိုက်တာရှိတယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကို ပြင်ဦးလွင်ခရိုင်/ မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၁ စီးနဲ့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သန္တိသုခ လူမှုကူညီရေးအသင်းတို့က ကူညီကယ်ဆယ်ရေးလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုရက်ပိုင်းထဲမှာ မိုးအဆက် မပြတ်ရွာနေတဲ့အတွက် မန္တလေး-ပြင်ဦးလွင်-လားရှိုးကားလမ်းမှာ လမ်းချော်တာတွေ ဖြစ်ပြီး ယာဥ်တိုက်၊ တိမ်းမှောက်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် ယာဥ်အသုံးပြုသူတွေအနေနဲ့ သတိပြုသုံးစွဲဖို့ ပြင်ဦးလွင် ခရိုင်မီးသတ်အဖွဲ့က အကြံပြုပြောဆိုထားပါတယ်။

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆ / ၃ အနီး ကျောက်ချော နတ်စင်ကွေ့နားမှာ ဒီလ ၁၄ ရက် ညနေပိုင်းက ကားတစီး တိမ်းမှောက်မီးလောင်ပြီး ကားပေါ်ပါတဲ့ လူ ၁၉ ဦး ပြင်းထန်ဒဏ်ရာရတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ၂၇ရက်နေ့ကလည်း မန္တလေး-ပြင်ဦးလွင် အတက်လမ်းမှာ ၂၂ဘီးယာဥ် တိမ်းမှောက်ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Photo-ပြင်ဦးလွင် ခရိုင်မီးသတ်
#voiceofmyanmar #VOM #ပြင်ဦးလွင် #ယာဉ်တိမ်းမှောက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW