မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်ရဲ့ဆုံးဖြတ်ချက်မူကြမ်း တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးပြီး ပယ်ချ

နယူးယောက်၊ မေ-၂၇-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး မေ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အပြီး နာရီပိုင်းအကြာမှာ ဒုံးကျည်သုံးစင်းပတ်ခတ်ခဲ့ပြီး အဲဒီထဲမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းလည်း ပါ၀င်ဖွယ်ရှိပါတယ်။

လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ မြောက်ကိုရီးယားသို့ ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေ တင်ပို့မှုကို ဖြတ်တောက်ဖို့နဲ့ မြောက်ကိုရီးယား ဟတ်ကာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ အချက်တွေပါ၀င်ပါတယ်။

ဒီလို အရေးယူပိတ်ဆို့တဲ့နည်းလမ်းဟာ ရှေးရိုးစွဲဆန်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြောဆိုခဲ့ပြီး အမေရိကန်ဟာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ပြသနာကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြောင်း တရုတ်သံအမတ်ကလည်း ဝေဖန်ပြောဆိုပါတယ်။

ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ တန်ပြန်ဖို့အတွက်ကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့ ဂျပန်တို့က ထုတ်ဖော်ပြောဆိုထားပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုအပြီးမှာ နှစ်နိုင်ငံတိုက်လေယာဉ်တွေ ပူးတွဲပျံသန်းမှု လုပ်ဆောင်ခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW