အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရပြီးနောက် ဒလမြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ပိတ်

ရန်ကုန်၊မေ ၂၈၊၂၀၂၂
KK(VOM)

ဒလမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတယောက်ကို သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မနေ့က စပြီး ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒလမြို့နယ်မှာ မေလ ၂၆ ရက် နေ့လယ်ပိုင်း ရေကန်တူးဖော်ရာမှာ ကြီးကြပ်ပေးနေတဲ့ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးဝင်းအောင်ကို ဆိုင်ကယ်စီးလာတဲ့အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်စီးခွင့်ကို ပိတ်လိုက်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပြတာက

“အုပ်ချုပ်ရေးမှုးအသတ်ခံရပြီးတာနဲ့ လိုက်ပြီး ကြေညာတာ အရင်က ၃၁ ရက်နေ့အထိလို့ကြေညာ နောက်ပြန်ကြေညာတာ အကန့်အသတ်မရှိလို့လည်းကြားတယ်”လို့ သူကပြောပါတယ်။

ဒီလိုအမိန့်ထုတ်ပြန်မှု့ကြောင့် ဒလမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားအများစု စားဝတ်နေရေးခက်ခဲမှုတွေဖြစ်သွားတယ်လို့ သမ္မာန်ဆိပ်မှာ ကယ်ရီမောင်းနေသူတဦးက ပြောပါတယ်။

” ဒီလိုလုပ်တာ မဆိုင်ဘူးလို့ထင်တယ်ဗျာ လုပ်တဲ့သူကိုမိအောင်ဖမ်းရအောင် သူတို့တာဝန်လေ မဆီမဆိုင်ကျနော်တို့ ကြားထဲကဒုက္ခရောက်တာပေါ့”လို့ ပြောပါတယ်။

အမိန့်ထုတ်ပြန်မှုမှာ ရပ်ကွက်ကျေးရွာမှာနေထိုင်သူအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါ ဆိုင်ကယ်ပေးမစီးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားအများစုနေထိုင်ရာ ဒလမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီမောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့အတွက် ရက်အကန့်အသတ်မရှိဆိုင်ကယ်စီးခွင့်ကိုပိတ်လိုက်မှာကိုအများစုက စိုးရိမ်ပူပန်နေကြပါတယ်။

သန်လျင်မြို့နယ်မှာလည်း မေလ ၁၈ ရက်က ဆိုင်ကယ်စီးခွင့်ကို ပိတ်လိုက်တဲ့အတွက် ဒေသခံအများစု ခရီးသွားလာရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒလမြို့နယ်ဟာ ရပ်ကွက်ပေါင်း ၂၃ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၂၃အုပ်စုနဲ့ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခုဆိုင်ကယ်စီးခွင့်ပိတ်ခံရတဲ့မြို့နယ်တွေဟာ တရားဝင်ဆိုင်ကယ်စီးခွင့်ပြုထားတဲ့ မြို့နယ် ၁၄ မြို့နယ်ထဲမှာပါဝင်ပါတယ်။

ရန်ကုန်မှာ မော်တော်ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ပြုထားတဲ့ မြို့တွေမှာ မှော်ဘီ၊တိုက်ကြီး၊လှည်းကူး၊ထန်းတပင်၊သန်လျင်၊သုံးခွ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်း၊ဒလ၊ဆိပ်ကြီးခနောင်တို၊ကျောက်တန်း နဲ့ ကိုးကိုးကျွန်းစတဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒလ #ဆိုင်ကယ်စီးခွင့်ပိတ် #ဒေသန္တရသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW