ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူတွေ RDT စစ်ဖို့မလိုဘဲ ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာနိုင်ပြီ

ဇွန် ၂-၂၀၂၂
GG(VOM)

ပြည်တွင်းလေကြောင်းခရီးစဉ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမယ်ဆိုရင် RDT test စစ်ဖို့ မလိုဘဲ ခရီးသွားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသေးသူတွေကတော့ လေယာဉ်မတက်မှီ ၄၈ နာရီအတွင်း ရောဂါမရှိကြောင်း RDT Test စစ်ထားတာကို ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။

“ပြည်တွင်းခရီးသွားအားလုံး ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးရင် RDT TEST စစ်ဖို့ မလိုတော့ဘူးလို့ပြောပါတယ်။ဒါပေမယ့် ကာကွယ်ဆေးအပြည့်မထိုးရသေးတဲ့သူတွေကတော့ ၄၈ နာရီအတွင်းစစ်ထားတဲ့ RDT TEST ပြရပါမယ်။မပြနိုင်ရင်သွားလို့မရပါဘူး။ ” လို့ လေယာဉ်လက်မှတ်အရောင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်သူတဦးကပြောပါတယ်။

အသက် ၁၂ နှစ်အောက်ကလေးတွေကို ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးလက်မှတ် ပြသဖို့မလိုအပ်ကြောင်းနဲ့ အသက် ၆ နှစ်အောက် ကလေးတွေကိုလည်း RDTနဲ့ဓာတ်ခွဲစစ်ဆေးခြင်းကို ကင်းလွတ်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားပါတယ်။

” အစထဲက အခုလိုပဲဖြစ်သင့်တာ၊ ကာကွယ်ဆေးလက်မှတ်ကြီးကိုင်ထားပြီး အသုံးမဝင်ဘူး၊ ခရီးသွားတိုင်းစစ်ရတာ အချိန်ကုန်အလုပ်ရှုပ်တယ်။ အခုလိုကာကွယ်ဆေးလက်မှတ်ရှိရင် သွားရတာမျိုးဖြစ်သင့်တာ” လို့ ခရီးသွားပြည်သူတဦးကပြောပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ်မှာ လိုက်ပါစီးနင်းမယ့်သူတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနအသိအမှတ်ပြု ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူဖြစ်ဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။

နောက်ပြီး ခရီးသည်တွေထဲမှာ သံသယဖြစ်ဖွယ် ဖျားခြင်း၊ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ပိုးတွေ့လူနာနဲ့ နှစ်ပတ်အတွင်း ထိတွေ့ခဲ့ခြင်း စတဲ့ရောဂါလက္ခဏာနဲ့ အခြေအနေတွေ ကင်းစင်မှသာ သတ်မှတ်ခရီးစဉ်ကို လိုက်ပါနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့မှာအသိပေး ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ကာကွယ်ဆေးအကြိမ်ပြည့်ထိုးသူတွေ #RDTစစ်ဖို့မလို #ပြည်တွင်းလေကြောင်းခရီးစဉ်သွားလာနိုင်ပြီ

Related posts

Leave a Comment

VOM News

FREE
VIEW