မုံရွာမြို့မှာ ၂ ရက်ဆက်တိုက် အိမ်ခြံမြေပွဲစားတွေ အသတ်ခံနေရ

ဇွန် ၊ ၆၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ၂ ရက်ဆက်တိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေတဲ့ ပွဲစားတွေ အသတ်ခံနေရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဇွန် ၄ ရက် ၊ မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ မုံရွာမြို့ ၊ နန္ဒဝန် နယ်မြေ ၈ မှာနေထိုင်တဲ့ အိမ်ခြံမြေ ပွဲစား ကိုအောင်ဆန်းလင်း ခေါ် ကိုလင်း အသတ်ခံရတယ် ၊ ဇွန် ၅ ရက် မနက်ပိုင်း ၁၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ပြည်တော်သာရပ်ကွက် (အက်တော) မှာနေထိုင်တဲ့ အိမ်ခြံမြေ ပွဲစား ကိုနန္ဒကျော်သူ ခေါ် လင်းလင်း ထပ်မံ အသတ်ခံရပြန်တယ် ” လို့ အိမ်ခြံမြေပွဲစား တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အသတ်ခံရတဲ့ အိမ်ခြံမြေ ပွဲစားတွေဟာ အရောင်းအဝယ် လုပ်ငန်းကိစ္စအတွက် ဖုန်းနဲ့ ခေါ်ယူ ချိန်းဆိုပြီးနောက် သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်တယ်လို့ သေဆုံးသူတွေရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

” နယ်က ကျေးရွာတွေမှာ မတည်ငြိမ်တာများတော့ တတ်နိုင်သူတွေက မြို့ပြောင်းလာကြတယ် ၊ ရွာတွေကို စွန့်ခွာတဲ့သဘောပေါ့ ၊ အခုဆိုရင် မုံရွာမြို့ပေါ်မှာက အိမ်ခြံမြေစျေးကွက် အရမ်းအလုပ်ဖြစ်တယ် ၊ ပွဲစားတွေလည်း တွက်ချေကိုက်ကြတယ် ၊ အိမ်ခြံမြေ စျေးကွက် မှာက ၊ ဝယ်လိုအားကောင်းပြီး ၊ ရောင်းလိုအားက မရှိသလောက်ဖြစ်နေတော့ ပွဲစားတွေက ယာခင်း ဧကပြတ်ဝယ်ပြီး ကွက်စိပ်ရိုက်ရောင်းကြတာ ၊ ရောင်းမလောက် ဖြစ်တဲ့အခါ ပွဲစားအချင်းချင်း အတိုက်အခိုက်တွေဖြစ်ကြတယ် ” လို့ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားကြီးတစ်ယောက်က ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ၂ ရက်ဆက်တိုက် အိမ်ခြံမြေပွဲစားတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာက အိမ်ခြံမြေ ပွဲစားတွေ ၂ ရက်ဆက်တိုက် အသတ်ခံရတယ်ဆိုတာ သိကြပေမယ့် ဘယ်လိုအကြောင်းကြောင့် အသတ်ခံရတယ်ဆိုတာ VOM က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#voiceofmyanmar #VOM #မုံရွာ #အိမ်ခြံမြေပွဲစား #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW