အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒုံးကျည်ရှစ်စင်းပစ်ခတ်ပြီး မြောက်ကိုရီးယားကို သတိပေး

ဆိုးလ်၊ ဇွန်-၆-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ မနေ့က ပဲ့ထိန်းဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်စမ်းသပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒုံးကျည်ရှစ်စင်း ပစ်ခတ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဒုံးကျည်အများအပြား ပစ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မြေပြင်ကနေပစ်ခတ်နိုင်တဲ့ (ATACMS) ဒုံးကျည်ရှစ်စင်းကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ယခုနှစ်အစောပိုင်းကစပြီး ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက်ပြုလုပ်နေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အခုလိုပစ်ခတ်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယောင်ဆက်ယိုက ထုတ်ဖော်ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ ကိုရီးယားကျွန်းဆွယ်ကိုသာမက အရှေ့မြောက်အာရှနဲ့ ကမ္ဘာကိုပါ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ဒီအပေါ်မှာ မြောက်ကိုရီးယားက အမြဲလိုလို အမျက်ဒေါသထွက် တုံ့ပြန်လေ့ရှိပါတယ်။

Ref: BBC
Photo:NK News
#voiceofmyanmar #VOM #ဆိုးလ် #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW