ရွာစားကြီးနှင့် သူ၏ မင်းသမီးများ

ဆူးငှက်

ရှေးတုန်းက အငြိမ့်ညွန့်ပေါင်းတွေ သိပ်ပေါတယ်။
ပေါရောပေါ့။ သဘင်ပညာကို တကယ်တတ်သူတွေလည်း ပါတာကိုး။ လက်ဆည်ကန် “ယပ်ဝင်း”ဘုရားပွဲ အငြိမ့်ညွန့်ပေါင်းက နာမည်အကြီးဆုံးလို့ ဆိုကြပါတယ်။

စိန်ဗေဒါကြီးနဲ့ မင်းသမီး အကျော်အမော်တွေပွဲလေ။လေဘာတီ မမြရင်၊ ဥက္ကလာအေးကြည်၊ ယုဝတီ မသောင်းခင်၊ သြဘာသောင်းတို့က ပင်တိုင်။ လူရွှင်တော်က ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ကိုအာလူး၊ ကိုဓာတ်စိန်တဲ့။ တော်ရုံတန်ရုံနဲ့လည်း ဒီညွန့်ပေါင်းပွဲမှာ အနားမကပ်ရဲကြဘူး။ ချိတ်လုံး ခွင်လုံးနဲ့ပက်ရတာ မဟုတ်ဘူး။ နဖူးတွေ့၊ဒူးတွေ့ လာဘ်လုံးတွေနဲ့ လူရယ်အောင် လုပ်ရတာကလား။ ပညာပြည့်ပါမှ …။ ဒီညွန့်ပေါင်းမှာ ကမယ့် မင်းသမီးက စိန်ဗေဒါကြီးဆီ သီချင်းသွားတိုက် ထားရတယ်။ အဲလို ကြိုတိုက်ထားတာတောင် တကယ် ကမယ့်ညမှာ ဦးဗေဒါဆိုတဲ့ အရှိန်နဲ့ လန့်နေလို့ မကခင်ကတည်းက ဆိုင်းဝိုင်းဘက် ဦးတချချ လုပ်နေရတယ်။ ဒါမှလည်း ဦးဗေဒါကြီးက ကိုယ်က,နိုင်မယ့် အဆစ်မျိုးနဲ့ ပို့ပေးမှာကိုး။

အဲ့လို ဦးဗေဒါကြီးကို “ဦးချ” ပြီးမှ က,ကြရတာနဲ့ ပတ်သက်ပြီး လူကြီးတွေဆီက ကြားဖူးတာလေးတစ်ခု ဖောက်သည် ချဦးမယ်။ မမြရင်တို့။ သြဘာသောင်းတို့ခေတ်ကောင်းနေတုန်း ရန်ကုန်မှာ သူတို့နဲ့ခေတ်ပြိုင် မင်းသမီးတစ်လက် ရှိသတဲ့။ သူကလည်း ရန်ကုန်မှာ တကယ့်ဒိတ်။ တစ်နှစ်တင်တော့ မန္တလေးမြို့လယ်ကောင် ရပ်ကွက်ကြီးတစ်ရပ်ကွက်နဲ့ ကထိန်ပွဲမှာ ကမယ့် အငြိမ့်ညွန့်ပေါင်းအတွက် အဲဒီမင်းသမီးကို ငှားရပါတယ်။ “ရန်ကုန်မင်းသမီး” ဆိုတော့လည်း မန္တလေးက စိတ်ဝင်စားတာပေါ့။ ထိပ်တန်းမင်းသမီးမို့ ပညာသည်ချင်းကလည်း အကဲခတ်စောင့်ကြည့်တာပေါ့။ အဲဒီမင်းသမီးက မန္တလေးမင်းသမီးတွေထက်သာတာ ပညာတင်မက အဝတ်အစား ဖက်ရှင်ထွင်တာလည်း နာမည်တစ်လုံးနဲ့ဆိုကိုး။ ဒီတော့ ပညာကလည်း ပြောစရာမရှိ။ အပြင်အဆင်ကလည်း ပြောစရာမရှိ။ စကားအပြောကလည်း အဆတ်ကလေးတွေနဲ့ ပီယပါလှတယ်လို့ နာမည်ကြီးနေတော့ ပရိသတ် မျှော်လင့်မယ်ဆိုလည်း မျှော်လင့်စရာပေါ့။

ကထိန်ညွန့်ပေါင်းပွဲရောက်တော့ မင်းသမီးတွေ ရှေ့ထွက်၊နောက်ထွက် မဲနှိုက်ကြတယ်။ အဲဒီဧည့်သည်မင်းသမီးက နောက်ဆုံးအလှည့်ကျတယ်။ မန္တလေးမင်းသမီးတွေကတော့ စိန်ဗေဒါဆိုတဲ့ အရှိန်နဲ့ မက,ခင်ကတည်းက ရွာစားကြီးကို ဦးချလို့ ရိုရိုသေသေနဲ့ သပ်သပ်ရပ်ရပ် အလုပ်သွားကြသတဲ့။ ဒါပေမယ့် ဧည့်သည်မင်းသမီးအလှည့်ကျတော့ ရွာစားကြီး ပညာနဲ့ ဂုဏ်အရှိန်ကို မထေမဲ့မြင်တဲ့ မာနနဲ့မို့ ဦးချရကောင်းမှန်း နုတ်ဆက်ဂါရဝပြုရကောင်းမှန်း မသိဘဲ သူ့အလှည့်အရောက်မှာ ဆိုင်းဝိုင်းရှေ့ ဝင်တဲ့ပြီး ခပ်မော့မော့ပဲ ဒူးတုပ်ထိုင်နေတာကိုး။ ဆိုင်းဝိုင်းရှေ့ရောက်နေတာတောင် ရွာစားကြီးကို မျက်လွှာလေးတစ်ချက် ပင့်ကြည့်ဖော် မရဘူး။

ပရိသတ်ကလည်း ရွာစားကြီးနဲ့ အငြိမ့်ညွန့်ပေါင်းကို ကြုံဖူးနေကျ ပရိသတ်မို့ ဒီပွဲကဖြင့် ကြည့်ကောင်းပြီဆိုတာ ရိပ်မိပြီး ပွဲကြီးပွဲကောင်းပေါ့။ ခဏနေတော့ ဦးဗေဒါက လေပြေထိုးတယ်။ လေပြေအထိုးမှာ မထင်မှတ်ဘဲ လေးကင်းထည့် တီးလိုက်ရော။ လေးကင်းအတီးနောက်ထိုင် ညိုစိမ့်နဲ့ ဂုံညင်းက ဘာပြောကောင်းမလဲ ဗုန်းဆို ခါးတောင်မြောင်အောင် ကျိုက်ထည့်ပြီး ဆိုင်းနောက်ကနေ ကျွမ်းပစ်ပြီး၊ ကျားနှစ်ကောင်သဏ္ဍာန်လုပ် ထွက်လာကြရော။ ကျားနှစ်ကောင်က လေးကင်းနဲ့ ကျွမ်းပစ်လိုက်ကြ။ စင်တစ်ဖက်တစ်ချက် ကူးလိုက်ကြ၊ ဗိန်းမောင်းနဲ့ နှစ်ကောင်လုံး လိုက်ထွေးလိုက်၊ သတ်လိုက် ပုတ်လိုက်ကြ…။ ဒီတင် ဧည့်သည်မင်းသမီးက ခပ်ကြောင်ကြောင်ဖြစ်နေပြီ။ ရွာစားကြီးကလည်း ညာသံပေးပြီး ဗိန်းမောင်းရိုက်တော့တာကိုး။ ကျားနှစ်ကောင်ကလည်း ဆိုင်းသံနဲ့အတူ မြူးလိုက်ကြတာ။ မင်းသမီးအနား နှစ်ကောင်သား ဝှေ့လိုက်၊ ဝိုက်လိုက်၊ ပတ်ချာလှည့်လိုက်၊ အနံ့ခံလိုက်၊ စူးစမ်းလိုက် …။ လက်နဲ့ မင်းသမီးပခုံးနား တို့ကြည့်သယောင်လုပ်လိုက်၊ ပွတ်ကာသီကာ လှည့်ထွက်သွားလိုက်၊ ပြန်ပြီး အနံ့ခံလိုက်၊ တို့ကြည့်လိုက် လုပ်နေကြတယ်။ မင်းသမီးလည်း ထိုင်ရာက မထရဲ၊ အောက်ပဲ ဆင်းပြေးရမလို၊ ငြိမ်ခံရမလိုနဲ့ ကျားနှစ်ကောင်က ဗိန်းမောင်းနဲ့ တောတော်လေးလည်း ကစားပြီးမှ ဗိန်းမောင်းအချ နောက် ကျွမ်းပစ်ထည့်ပြီး ဆိုင်းဝိုင်းနောက်ကို ကျားနှစ်ကောင် ဝင်သွားတာကိုး …။

အမလေး … ဒီတော့မှ မျက်လုံးအဝိုင်းသားနဲ့ အကြောက်ကြီးကြောက်နေတဲ့ မင်းသမီးလည်း သက်ပြင်းချနိုင်တော့တယ်။ ပရိသတ်က သဘောကျလွန်းလို့တဲ့။ လက်ခုပ်လက်ဝါးတီးပြီး အော်လိုက်၊ ဟစ်လိုက်နဲ့ တဝေါဝေါ ပွဲကျလို့။ မင်းသမီးမှာ လိပ်ပြာလွင့်မတတ် အသားတွေ တုန်နေပြီး သီချင်းတောင် အသံကိုက် မဆိုနိုင်တော့ဘူး။

ဒီတော့ မင်းသမီးက ရွာစားကြီးကို ဦးချပြီး သူ့မှာ ပညာမပြည့်သေးပါကြောင်း၊ ရွာစားကြီးက သက်သက်ညှာညှာနဲ့ ပို့ပေးပါရန် အကြောင်း တောင်းပန်သတဲ့။ ရွာစားကြီးက ပြုံးပြုံးကြီးနဲ့ “သမီး ဘာမှမကြောက်နဲ့ ရဲရဲဆို … ရဲရဲက”ဆိုပြီး မင်းသမီးအကြိုက် ဒိုးဆစ်၊ ဒိုးကွက်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပို့ပေးတာ ပရိသတ်လည်း ကြိုက်လိုက်ကြ၊ သဘောကျလိုက်ကြတာ ဆိုကိုး။

နောက်တော့ အဲဒီမင်းသမီးလည်း မန္တလေးပွဲဆိုရင် ရွာစားကြီးနဲ့ ကျကျနန တီးလုံးတိုက်ပြီး အနောက်ပြင်က ဘုန်းကြီးပျံတစ်ပွဲမှာ ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ကိုပေါစိန်တို့နဲ့ မန္တလေးပရိသတ် စွဲလောက်အောင်
အလုပ်လုပ်သွားနိုင်ခဲ့တယ်။

××××× ×××××

အငြိမ့်ညွန့်ပေါင်းပွဲတွေမှာဆိုရင် ရွာစားကြီးက မင်းသမီးတွေကို သူတို့အကြိုက် တီးလုံး၊ ဒိုးဆစ်တွေနဲ့ ပို့ပေး…။ အရောင်တင်ပေးတတ်တာ ပရိသတ်က သိတော့ အငြိမ့်ညွန့်ပေါင်းတဲ့ပေါ့ဆို မလွတ်တမ်းပဲ …။

မမြရင်အလှည့်ရောက်ရင် နောက်ထတွေက ရွာစားကြီးနဲ့ မမြရင်ကို ချိတ်လုံး၊ ကလိလုံးတွေနဲ့ ဆွပေးကြရော။ ရွာစားကြီးကလည်း အူအမြူးကြီး မြူးပြီး တီးလိုက်တာများ မီးကုန်ယမ်းကုန် …။ ဥက္ကလာအေးကြည်ကတော့ ကြိုးကြိုးစားစား ကတတ်တယ်။ အပင်ပန်းခံနိုင်တယ်။ ဒီတော့ ရွာစားကြီးက တေးထပ်တစ်ပုဒ်ကို မာန်ကြီးခင်းပြီးမှ တီးပေးသတဲ့။ ဥက္ကလာအေးကြည်ဆိုတာကလည်း သူ့ပရိတ်နဲ့သူ မကခင် စင်နောက်မှာတောင် ပွဲစည်တဲ့ မင်းသမီးမျိုး၊ အဲဒီခေတ်က မင်းသမီးထဘီက ဗန့်ထဘီတွေ၊ မင်းသမီးထဘီဝတ်တော့ ညာခြေလေး နောက်ထိုးပြီး ခြေဖျားလေးထောက်၊ ဘယ်ခြေလေးခွင်ပြီး ဘယ်ဘက်ပေါင်တစ်လျှောက်က ထဘီအဆက်တစ်လျှောက် အပ်ချိတ်နဲ့ သိရတာကိုး။ အဲလို အပ်ချိတ်ထိုးရင်း ငတ်ခမ်းထောင့်စွန်းမှာ စီးကရက်ခဲထားပုံက ဘယ်သူနဲ့မှ မတူဘူးတဲ့။ စီးကရက်မီးခိုးထဲ မျက်စေ့ထဲဝင်မှာမို့ မျက်လုံးလေး မှေးထားတာလည်း ဟန်ပါသလှသတဲ့။ ဥက္ကလာအေးကြည်က အဲသလို မင်းသမီး…။

ယုဝတီမြသောင်းခင်ကတော့ အချောဆုံး၊ အလှဆုံး မင်းသမီး၊ဖြူဖြူဖွေးဖွေး လုံးကြီးပေါက်လှ၊ သီချင်းဆိုတော့ အသံက ကနွဲ့ကရနဲ့မို့ ချစ်စရာကောင်းသတဲ့။ သြဘာသောင်းကတော့ ဆရာထာရေးတဲ့ ပေါ်ပြူလာ ဘလူးဘလက် သီချင်းထဲကလို (ပုတက်တက် မည်းနက်ညိုပြာမှောင်)လို့ ဆိုသကိုး။ ဒီညွန့်ပေါင်းပွဲမှာ အဲလိုရုပ်မျိုးနဲ့ နင်လား၊ ငါလား ပခုံးချင်းယှဉ်နိုင်တာက သူ့အက,ကြောင့်ပါ။ ဒိုးစိပ်စိပ်၊ စည်းသုတ်မှာ က,ကြစို့ဆိုရင် ဘယ်သူမှ လိုက်မမီအောင် က,နိုင်တဲ့ မင်းသမီး…။

မန္တလေးဘုရားပွဲတွေမှာ ရွာစားကြီး စိန်ဗေဒါနဲ့ အငြိမ့်ညွန့်ပေါင်းပွဲကို ကြုံဖူးသူတိုင်း တသသပြောမဆုံးနိုင်အောင် ရှိခဲ့ဖူးပါတယ်…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW