ရေကြည်မြို့နယ်မှာ စေတီပတ်လမ်း တူးဖော်ရာကနေရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တွေ ၁ ဒါဇင်နီးပါးတွေ့

 

ဇွန် ၊ ၉-၂၀၂၂
မင်းမြတ်+ SP(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာမှာ ရှေးဟောင်းစေတီတွေကို ပတ်လမ်းတူးဖော်ဆောက်လုပ်တဲ့အခါ မနေ့ ဇွန် ၈ ရက် မနက်ပိုင်းက ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ၁ ဒါဇင်နီးပါး တွေ့ရှိခဲ့ရတယ်လို့ ရာဇသေနဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်ဆီက သိရပါတယ်။

” ရှေးဟောင်းစေတီ ၉ ဆူကို ​ပတ်လမ်းဖောက်ရာကနေ အခုလို ဆင်းတုတော်တွေ တွေ့ရတာဖြစ်တယ် ၊ လက်တလော တွေ့ရတာက ၁၁ ဆူရှိသွားပြီ၊ ကိုယ်လုံးတော်တို့ ၊ ဉာဏ်တော်တို့ တိုင်းထွာ စီစစ်တာမလုပ်ရသေးဘူး “လို့ ရာဇသေနဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်က မိန့်တော်မူပါတယ်။

တွေ့ရှိတဲ့ ရှေးဟောင်းရုပ်ပွားတော်တွေဟာ ၁၄ ဆူဖြစ်ပြီး ရှေ့ဟောင်းစကျင်ဘုရား ၄ ဆူ၊ ရှေ့ဟောင်းစကျင်ရုပ်ပွားတော် ၆ ဆူ၊လျောင်းတော်မူ စကျင် ၁ ဆူ၊မြေဘုရားလျောင်းတော်မူနဂါးဘုရား ၁ဆူ၊ ထိုင်တော်မူမြေဘုရား ၁ ဆူနဲ့ကြေးဘုရား ၁ ဆူဖြစ်ပြီး မမြင်ဘူးတဲ့ ဘုရားတွေလည်းပါတယ်လို့ သိရပါတယ်။

အဲဒီရုပ်ပွားတော်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက်က ရုပ်ပွားတော်တွေ ဖြစ်နိုင်တယ်လို့လည်း အဲ့ဒီကျေးရွာရပ်မိရပ်ဖ ဦးဖိုးထွားကပြောပါတယ်။

တူးဖော်တွေ့ရှိတဲ့ ဘုရားရုပ်ပွားတော်တွေကို ပြည်သူတွေ ဖူးမြော်နိုင်အောင် ကက္ကူကြီးကျေးရွာ ရာဇသေန ဆုတောင်းပြည့်ကျောင်းတိုက်ကြီးမှာစံကျောင်းလုပ်အပူ ဇော်ခံစီစဉ်ထားတယ်လို့သိရပါတယ်။

ဘုရားဂေါပကအဖွဲ့ဝင်တယောက်က ” အခုတွေ့တယ် ၊ ပေါ်တော်မူတယ်ဆိုတဲ့ ဆင်းတုတော်တွေက သေခြာတော့ မစီစစ်ရသေဘူး ၊ ခန့်မှန်းရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ရာဝန်းကျင်က လက်ရာတွေဖြစ်နိုင်တယ် ၊ ကုန်းဘောင်ခေတ် လက်ရာလို့ ယူဆမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ရေကြည်မြို့နယ်မှာ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေများစွာရှိတဲ့အနက်က အခုပေါ်တော်မူ ဗုဒ္ဓဆင်းတော်တွေ တွေ့မြင်ဖူးမျှော်ရတာဟာ နှစ်ပေါင်း ၇၀ အတွင်း ပထမအကြိမ်ဖြစ်တယ်လို့ ဘုရားဖူးသူတွေက မှတ်ချက်ပြုပြောပါတယ်။

#voiceofmyanmar #VOM #ရေကြည် #ရှေးဟောင်းဆင်းတုတော် #တူးဖော်တွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW