တရားဝင် ခွင့်ပြုမထားတဲ့ ငွေပေးချေမှုလုပ်ငန်းတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်သတိပေး

ဇွန် ၁၁-၂၀၂၂
GG(VOM)

တရားဝင်လုပ်ကိုင်ခွင့်ပြုမထားတဲ့ Mobile Pay နဲ့ Mobile ငွေပေးချေ ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံး​ပြုမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်လာနိုင်တယ်လို့ ဗဟိုဘဏ်က အသိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေက တဆင့် သုံးစွဲသူအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ကုန်စည်ဝယ်ယူခြင်းတွေ ဆောင်ရွက်နိုင်ကြောင်း Social Media တွေမှာ ကြေညာနေတာကို တွေ့ရှိနေရတယ်လို့ သိရပါတယ်။

အဲ့ဒီလုပ်ငန်းတွေကို ဗဟိုဘဏ်အနေနဲ့ တရားဝင်ခွင့်ပြုထားခြင်းမရှိလို့ စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်မှာမရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ကိုင်နေသူတဦးကတော့ ” ကျနော်တို့ကတော့money transfer လုပ်ပေးတယ်။ အခုနောက်ပိုင်းဆို ဖုန်းဘေဖြည့်တဲ့ pay တွေရှိလာတယ်။ငွေသွင်းငွေထုတ်ရတာတွေလည်းရှိတယ်၊သူတို့ကလုပ်ရကိုင်ရမြန်ပြီး လွယ်တော့ သုံးတဲ့သူရှိနေတဲ့သဘောပေါ့။ စိတ်ချရမှုရှိလား မရှိလားကတော့ အာမခံချက်အပြည့်တော့ ကျနော်တို့လည်းမသိဘူး။ သုံးသူရှိရင် လုပ်ပေးတယ်၊မရှိရင်တော့ တဖြေးဖြေးပျောက်သွားမှာပဲ “လို့ ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ခွင့်ပြုချက်မရရှိထားဘဲ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေအရ အ​ရေးယူသွားမှာဖြစ်ပြီး ပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ဇွန်လ ၁၀ ရက်နေ့မှာ ဗဟိုဘဏ်က သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်က ဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀ နဲ့၇၉၊ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၅၊ ၁၂၉ နဲ့ ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၊အီလက်ထရွန်နစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်နဲ့အညီ လုံခြုံမှုနှင့်ထိရောက်တဲ့ ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ဖို့ မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ဖို့ ဘဏ် ၁၈ ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ဖို့က ဘဏ် ၁၀ ဘဏ်၊ မိုဘိုင်းငွေပေးချေမှု Mobile Pay ဆောင်ရွက်ဖို့က ၈ ခု၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ဖို့က အဖွဲ့အစည်း ၅ခု၊ Transporation Card နဲ့Shooping card စတဲ့ ကတ်ပေးချေမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့က အဖွဲ့အစည်း ၇ ခုနဲ့ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ဖို့ ကုမ္ပဏီ၄ခုကို ခွင့်ပြုထားပြီး ကြီးကြပ်ထိန်းကျောင်းပေးနေတယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့်ပြုထားတဲ့လုပ်ငန်းအဖွဲ့အစည်း ၅ ခု ​ အမည်တွေကတော့ Wave Money pay ၊ OK $ ၊ Mytel Pay ၊ M Pitesan နဲ့ MPT pay တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိပြင်ပမှာတော့ အဲ့ဒီ Mobil pay တွေအပြင် 9one pay ၊Shall pay ၊ Easy pay ၊Sai Sai pay ၊Citizens pay စတဲ့ mobile pay တွေရှိနေတယ်လို့ ​ငွေလွဲငွေထုတ် လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #တရားဝင်ခွင့်မပြုထားတဲ့ #ငွေပေးချေမှုလုပ်ငန်း #အရေးယူမယ်လို့ #ဗဟိုဘဏ်သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW