နေပြည်တော်မှာ ပို့/ဆက်ဝန်ကြီးဌာနက အရာရှိတဦး ဓားနဲ့ထိုးခံရပြီး လုယက်ခံရမှုဖြစ်ပွား

ဇွန် ၁၀-၂၀၂၂
KT(VOM)

နေပြည်တော်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ကားရပ်ပြီး အပေါ့သွားနေတဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိတဦး ဓားနဲ့ထိုးခံရပြီး လုယက်ခံရမှု ဒီကနေ့ ည ၇နာရီအချိန်ခန့်က ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နေပြည်တော်၊ ရာဇသင်္ဂဟလမ်းအတိုင်း Toyota Ipsum အဖြူရောင်ယာဥ်ကို ကိုယ်တိုင်မောင်းနှင်လာပြီး Junction Center အနီးက SPC ဆီဆိုင်မှာ ကားဆီထည့်ဖို့ ထွက်လာစဉ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် ကားရပ် အပေါ့သွားနေချိန် လုယက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“အပေါ့သွားနေချိန် mask အနက်ရောင်တပ်၊ ရှပ်လက်ရှည်ဝတ်ထားတဲ့ လူငယ်နှစ်ဦးက အဲ့ဒီအရာရှိကို ချုပ်ထားပြီး လည်ပင်းကို ဓားနဲ့ထောက် ကားပေါ်ပြန်တက်ခိုင်း ကားမောင်းခိုင်းကာ နေပြည်တော် Wholesale center အကျော်မှာ ဘယ်ကွေ့ခိုင်းခဲ့ပြီး ရွှေဧည့်သည်ဟိုတယ်ရှေ့လမ်းကြားအရောက်တွင် ကားရပ်ခိုင်းခဲ့တယ်၊ အဲ့ဒီလို ကားရပ်ပေးနေချိန် အရာရှိဆီက ဟန်းဖုန်းယူပြီး ကားပေါ်ကနေဆွဲချကာ ဓားနဲ့ထိုးခဲ့တာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဓားနဲ့ထို့ခံရတာကြောင့် ဝဲဘက်ဒူးခေါင်းအထက် ထိုးသွင်းဒဏ်ရာ တချက်ရရှိခဲ့ပြီး ဓားနဲ့ထိုးတာကို ပြန်လည်ခုခံနေချိန် လုယက်သူတဦးမှ ကားပေါ်ရှိ ပိုက်ဆံအိတ်အတွင်းက ပိုက်ဆံယူ‌၊ တစ်ဦးမှ အရာရှိရဲ့ အလေးချိန် ငါးမူးသားခန့်ရှိ ဓာတ်လုံးတပ်ဆင်ထားတဲ့ ရွှေလက်စွပ်ကို ဆွဲချွတ်ပြီး ရေမြောင်းအတွင်းသို့ တွန်းချထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့အထိုးခံရတဲ့ အရာရှိဟာ ရေမြောင်းအတွင်းကနေ ပြန်တက်လာပြီး ကားသော့ကိုရှာဖွေရာ မတွေ့တဲ့အတွက် နီးစပ်ရာကားတစ်စီးကို အကူအညီတောင်းကာ နေပြည်တော် ခုတင် ၁၀၀၀ အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ပြင်ပလူနာကုဌာနကို သွားရောက်ကုသခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒက္ခိဏသီရိရဲစခန်းက တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပို့/ဆက်ဝန်ကြီးဌာန #အရာရှိတဦး #ဓားနဲ့ထိုးခံရပြီးလုယက်ခံရမှုဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW