သာပေါင်း-ပုသိမ်ကားလမ်းဘေးက အိမ်တွေကို ဖယ်ရှားရှင်းလင်းနေ

သာပေါင်း၊ ဇွန် ၁၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းဝဲ၊ယာတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေကို ဇွန်လ ၇ ရက်မှစတင်ပြီးတော့ ဒီကနေ့အထိ ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ရွှေ့ပြောင်းဖို့ နေရာမရှိလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ လမ်းဘေးဝဲ/ယာ
တလျှောက်က ဒေသခံတွေဆီက သိရပါတယ်။

အဲ့နေအိမ်တွေဟာ လမ်းဦးစီးဌာနရဲ့လမ်းနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်နေတာလို့ဆိုပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့က ကွင်းဆင်းဖယ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။

”လမ်းဦးဌာနက တာဝန်ရှိတဲ့သူတွေပါတဲ့ ကျူးကျော်တွေ စာရင်းကောက်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကကွင်းဆင်းပြီးတော့ဖယ်ရှားရှင်းလင်းနေတာ၊ မဖယ်ပေးရင်တော့ အရေးယူရလိမ့်မယ်လို့ပြောတယ်။မိုးတွင်းရောက်နေပြီ နေစရာမြေမရှိလို့ နေရတာကို အခုမှ ရုတ်တရက်ရွှေ့ခိုင်းတော့ အခက်အခဲ အတော့်ကိုဖြစ်နေတယ်။”လို့ အဲ့ဒီလမ်းဘေးမှာနေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီကားလမ်းဘေးတလျှောက်မှာနေထိုင်တဲ့ပြည်သူတွေဟာ အဲ့ဒီလမ်းဘေးမှာနေလာတာ နှစ်ပေါင်း ၃၀ နီးပါးအထိရှိနေတယ်လို့ သိရပြီး ရုတ်တရက်ပြောင်းရွှေ့ခိုင်းတာကြောင့်အဆင်မပြေဖြစ်နေတဲ့အပြင် အင်အားသုံး ထပ်မံဖယ်ရှားလာမှာကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

”လမ်းနယ်နမိတ်အတွင်းမှာပါနေတဲ့ ကျူးကျော်တွေကို
ဖယ်ရှားနေတာ။ရွှေ့ပြောင်းပေးဖို့ နို့တစ်စာတွေကိုလည်း တပတ်ကျော်ကျော်လောက်ထဲက ထုတ်ထားတယ်။
အားလုံးစည်းကမ်းလိုက်နာစ္စာနဲ့ လိုက်ပြီးလုပ်ရင်တော့
အဆင်ပြေပါလိမ့်မယ်။”လို့ အဲ့ဒီကျူးကျော်တွေကို
ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြော
ပါတယ်။

သာပေါင်းနဲ့ပုသိမ်ကားလမ်း ဝဲ၊ယာတလျှောက်မှာတော့အခြေချနေအိမ်ဆောက်ပြီး နေထိုင်တဲ့ အိမ်ခြေ ၄၀၀၀ကျော်လောက်ရှိပြီး သစ်သားနဲ့ဆောက်ထားတဲ့အိမ်တွေ များတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကားဂိတ်၊ဆိုင်ကယ်ဂိတ်၊စားသောက်ဆိုင်၊ နားနေဆောင်၊ကုန်ခြောက်ဆိုင်တွေလည်း အဲ့ဒီလမ်းဘေး
တလျှောက်မှာ ဖွင့်လှစ်ရောင်းချနေတာရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #သာပေါင်း #ပုသိမ်ကားလမ်းဘေးကအိမ်တွေကို #ဖယ်ရှားရှင်းလင်းနေ

Related posts

Leave a Comment

VOM News

FREE
VIEW